၂၀၂၅ ခုနှစ်၊ ရေကြောင်းနှင့်လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့်တန်းမြင့်သင်တန်းများ၏ သင်တန်းဆင်းပွဲများပြုလုပ်

 

၂၀၂၅ ခုနှစ်၊ ရေကြောင်းနှင့်လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့်တန်းမြင့်သင်တန်းများ၏ သင်တန်းဆင်းပွဲများပြုလုပ်

နေပြည်တော်   မေ   ၁၉

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဧပြီလ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့သည့် တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်းတို့၏ သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ကြသည်။

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပုဗ္ဗသီရိအားကစားခန်းမ၌    ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊   တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီနှင့်   ဌာနဆိုင်ရာ အသီးသီးမှဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများက သင်တန်းတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသောသင်တန်းသား၊ သင်တန်းသူများနှင့် အကောင်းဆုံးသင်တန်း စခန်းဆုရရှိသည့် သင်တန်းစခန်းအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား     သင်တန်းဆင်းအောင်လက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊  သင်တန်းသူများသည်  သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

အဆိုပါရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/ ၂၀၂၅)ကို သင်တန်းစခန်း(၁၁)ခုတွင် သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦးဖြင့်  ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း တပ်မတော်(ရေ)သမိုင်းဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြနှင့်အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့်  နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊   အခြေခံရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ၊  အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် စစ်ရေယာဉ်(မုတ္တမ)ဖြင့်   ရန်ကုန်မြစ်ကြောင်းတစ်လျှောက်  လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ ဆက်သွယ်ရေးနှင့်   အီလက်ထရောနစ် ဆိုင်ရာစနစ်များ၊   ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်းများဆောင်ရွက်ခဲ့ကာ ရေကြောင်းလူငယ်စခန်းပေါင်းစုံတွေ့ဆုံပွဲနှင့် စခန်းပေါင်းစုံပြိုင်ပွဲများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို နေပြည်တော်လေတပ်စခန်း၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ   တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူနည်းပြများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသားများ  တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)က သင်တန်းဆင်းမိန့်ခွန်း  ပြောကြားသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တာဝန်ရှိသူများက  ထူးချွန်ဆုရရှိသော သင်တန်းစခန်းများနှင့် သင်တန်းသားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြ သည်။ ယင်းနောက်  ခင်းကျင်းပြသထားသော ပြခန်း၊ ပြကွက်များအား လှည့်လည် ကြည့်ရှုပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ကို သင်တန်းစခန်း ၁၃ ခုတွင် သင်တန်းသားအင်အား ၆၉၃ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး  သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်၊ လေကြောင်းပညာ   သမိုင်းဘာသာရပ်၊ လေကြောင်းလူငယ် သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား ဘာသာရပ်နှင့် RC Simulator မောင်းနှင်ခြင်းဘာသာရပ်များသင်ကြားပို့ချခဲ့ကြောင်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ကို  သင်တန်းစခန်း ၂ ခုတွင် သင်တန်းသားအင်အား ၁၁၁ ဦး ဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ(လက်နက်ပါ)ဘာသာရပ်၊ လေကြောင်းဆိုင်ရာအထွေထွေဗဟုသုတ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်နှင့်  Flight  Simulator  မောင်းနှင်ခြင်းဘာသာရပ်များ သင်ကြားပို့ချခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ဇာတိသွေးဇာတိမာန်ဘာသာရပ်နှင့် လေယာဉ်/ရဟတ်ယာဉ်များ၏ ပျံသန်းမှုအခြေခံသဘောတရားများကို သိရှိစေရန်အတွက်  RC  လေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်း ဘာသာရပ်များကိုလည်း လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။