ရန်ကုန်မြို့ရှိ မြန်မာမှုအနုပညာ ဗဟိုဌာန တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများကို ကျင်းပနိုင်မည်

 

ရန်ကုန်မြို့ရှိ မြန်မာမှုအနုပညာ ဗဟိုဌာန တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ  လာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများကို ကျင်းပနိုင်မည်

 

ရန်ကုန်   မေ   ၂၃

      သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်  မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center) သို့ ရောက်ရှိကာ  တည်ဆောက်ရေး လုပ်ငန်းများကို  ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ဆဲ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက Structure ပါအတိုင်း အဆင့်တိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေး စစ်ဆေးရေး အဖွဲ့ (QC Team )က အလေးထားစစ်ဆေးသွားရေး၊ QC Report တင်ပြပေးရေး၊ လိုက်နာဆောင်ရွက်မှု မှတ်တမ်းထားရှိစစ်ဆေးကြီးကြပ်ရေး၊ ငလျင်ရစ်(ခ်) စတာစကေး ၈ အထိခံနိုင်ရည် ရှိအောင် ဆောင်ရွက်ရေးတို့ကိုမှာကြားသည်။

နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန အကောင်အထည်ဖော်ရေး ကော်မတီသည် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ၂၀၁၆ ခုနှစ် မတ်လ  ၂၈  ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ အနုပညာဗဟိုဌာနရှိ ပင်မအဆောက်အအုံ၏ Foundation နှင့် Steel Structure သံတိုင်များ စိုက်ထူထားသည့် Skeleton Phase-1 အဆင့် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။

အဆိုပါအနုပညာဗဟိုဌာနကြီး  တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှလာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့်  တေးဂီတသံစုံဖျော်ဖြေ တီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊   အနုပညာနှင့် ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ် အသီးသီးမှ မြန်မာအနုပညာရှင် လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ဖော်ထုတ် ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာ အသီးသီးနှင့် ဆက်စပ်ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေမည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း သိရသည်။