ကျောက်တံတားမြို့နယ်၌ YBS ယာဉ်လိုင်းများပေါ် အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

ကျောက်တံတားမြို့နယ်၌ YBS ယာဉ်လိုင်းများပေါ် အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော်    မေ    ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်နေ ဦးစောလယ်ထူးကျော် (၄၅)နှစ်၊ (ဘ)ဦးကျော်မြင့်သည် သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူး (၁၉)နှစ်နှင့်အတူ မေလ ၁၉ ရက် နံနက် ၈ နာရီတွင် လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်း မှတ်တိုင်မှ YBS-58 ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာခဲ့ရာ ပန်းဘဲတန်းမြို့နယ် လမ်း(၃၀) အရောက်၌ ဦးစောလယ်ထူးကျော်၏ ရင်ဘတ်၌ထားကာလွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)က ခါးပိုက်နှိုက်နေသည်ကိုတွေ့ရှိရသဖြင့် ဦးစောလယ်ထူးကျော်က တွန်းလိုက်ရာမှ အချင်းများကြပြီး ၎င်းအမျိုးသားနှင့် အပေါင်းအပါ ၅ ဦးခန့်က ဦးစောလယ်ထူးကျော်နှင့် ၎င်း၏သားဖြစ်သူတို့ ၂ ဦးအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း၊ ထို့နောက် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းမှတ်တိုင်အရောက်၌ အဆိုပါအမျိုးသား ၅ ဦးခန့်က ဦးစောလယ်ထူးကျော်နှင့် သားဖြစ်သူတို့အား ယာဉ်ပေါ်မှဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက် ကာ ဦးစောလယ်ထူးကျော်၏ ဘောင်းဘီအိတ်အတွင်းမှ Redmi 9A အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်း(ပ)၅၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/၃၂၃/ ၁၁၄ ဖြင့် အမှုရေးဖွင့်ကာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရှိရသည်။

ဖြစ်စဉ်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သော ယခင် ခါးပိုက်နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူများဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်စဉ် ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေသူများဖြစ်သည့် အောင်ကိုလတ် (၄၂)နှစ်၊(ဘ) ဦးဝင်းမြင့်၊ ဝေဖြိုးအောင်(ခ) ဝေဖြိုး (၃၀)နှစ်၊ (ဘ) ဦးတင်စိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ (၂၂)နှစ် (ဘ)ဦးသန့်ဇော်ထွေး၊ ဇော်ဇော်လွင် (ခ) ဘိုဘို(၃၃)နှစ် (ဘ)ဦးကြည်လွင်၊ ကျော်နိုင်ဦး (ခ) ကျန်ကျောင်း (၂၇)နှစ်၊(ဘ)ဦးလှဦးတို့ ၅ ဦးအား မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေ အောင်မိုး(ခ)  လှမြိုင်(ခ)  တည်ကြီးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ မေလ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တံတားမြို့နယ်အတွင်း YBS-58 ယာဉ်ပေါ် ဦးစောလယ်ထူးကျော်၏ ကျောပိုးအိတ်အတွင်းမှ ဖုန်းအား အောင်မိုး(ခ)လှမြိုင်(ခ)တည်ကြီးမှ   ခါးပိုက်နှိုက်နေစဉ် အောင်ကိုလတ်နှင့်ကျော်နိုင်ဦး(ခ)ကျန်ကျောင်းတို့ ၂  ဦးက ဝန်းရံပေး၍ ဝေဖြိုးအောင်(ခ)ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ၊ ဇော်ဇော်လွင် (ခ) ဘိုဘိုတို့က အဆိုပါယာဉ်ပေါ်၌   စောင့်ကြည့်နေခဲ့ကြောင်း၊ လက်ကိုင်ဖုန်းအား   နှိုက်ယူနေသည်ကို သိရှိသွား၍ အချင်းများကြရာ ဝေဖြိုးအောင်(ခ) ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ၊ ဇော်ဇော်လွင် (ခ) ဘိုဘိုတို့က လက်သီးဖြင့်ထိုးကြိတ်ခဲ့ကြကြောင်း၊ ထို့နောက် ဦးစောလယ်ထူးကျော်၏ သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူးအား ပန်းဆိုးတန်းကားမှတ်တိုင်အရောက် ကားပေါ်မှ ဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်းနှင့်ခါးပိုက်နှိုက်ယူရရှိခဲ့သည့် Redmi ဖုန်းအား အောင်မိုး(ခ) လှမြိုင် (ခ) တည်ကြီးက ယူဆောင်သွားကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုသို့ အများပြည်သူသွားလာအသုံးပြုနေသည့် YBS မြို့တွင်းလိုင်းယာဉ်များပေါ်၌ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှုကျူးလွန်သူများဖြစ်ပြီး ဖမ်းဆီးရမိသူများဖြစ်သည့် အောင်ကိုလတ်၊   ကျော်နိုင်ဦး(ခ)ကျန်ကျောင်း၊ ဝေဖြိုးအောင်(ခ)ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိနှင့်   ဇော်ဇော်လွင်(ခ)ဘိုဘိုတို့အား ၎င်းတို့ကျူးလွန်ခဲ့သည့်အမှုများ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်ရှိနေသည့် အောင်မိုး(ခ) လှမြိုင် (ခ) တည်ကြီးအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး၊ သက်သေခံပစ္စည်း ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။