မြန်မာနိုင်ငံအတွင်းသို့  နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယား နိုင်ငံသား ၂ ဦး  ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့

မြန်မာနိုင်ငံအတွင်းသို့  နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယား နိုင်ငံသား ၂ ဦး  ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့

နေပြည်တော်    မေ    ၂၃

နိုင်ငံတော်အစိုးရအနေဖြင့်   နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊  လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ထိုသို့စုံစမ်းဖော်ထုတ်လျက်ရှိရာ ယနေ့တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍    မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ  တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊  မြဝတီမြို့-မဲ့ထော်သလေး(KK Park)နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ   ကျူးလွန်ခဲ့ကြသည့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့်စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို မှာကြားသည်။

၂၀၂၅  ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား  စုစုပေါင်း ၉၁၀၁ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၂၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၈၁ ဦးကို   သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင် ဖြစ်ပေါ် လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကိုထိထိရောက်ရောက်ပြတ်ပြတ်သားသား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင်  နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။