အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍  ဓားဖြင့်ထိုးကာ လုယက်ရန်ကြိုးစားသူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး

အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍  ဓားဖြင့်ထိုးကာ လုယက်ရန်ကြိုးစားသူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်   မေ      ၂၃

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၌ မီနီအိုးဝေအား  ငှားရမ်းစီးနင်း၍ ဓားဖြင့်ထိုးကာ  လုယက် ရန်ကြိုးစားသူနှစ်ဦးအား အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်နေဦးကျော်လင်း(၆၀)နှစ် မောင်းနှင်သော MDY-21U 8854 မီနီအိုးဝေယာဉ်အား ငှားရမ်းစီးနင်းလိုက်ပါလာသူအမျိုးသား ၂ ဦးက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၆၄ မိုင် ၇ ဖာလုံ UD Amara Garden City အနီးအရောက်၌ယာဉ်မောင်း   ဦးကျော်လင်းအား ဓားဖြင့်ထိုးကာ မီနီအိုးဝေယာဉ်အား   လုယက် ယူဆောင်သွားခဲ့ပြီး ယာဉ်မောင်း ဦးကျော်လင်းမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ဦးခေါင်း နောက်စေ့ ထိုးသွင်းဒဏ်ရာ  ၁ ချက်တို့ရရှိခဲ့ကြောင်း သိရှိရသည်။

မှုခင်းဖြစ်ပွားကြောင်း သတင်းရလျှင်ရချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်ပူးပေါင်း သတင်းရယူဖော်ထုတ်ခဲ့ရာလုယူခံရသည့်  မီနီအိုးဝေယာဉ်နှင့်အတူကျူးလွန်သူများဖြစ်ကြသည့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေစိုးမင်းထွန်း(ခ)ထက်ရှိုင်း (၁၉)နှစ် (ဘ) ဦးဝေလွင်အောင်နှင့် ဇော်ဝင်းထွန်း (၁၆)နှစ်(ဘ)ဦးစောခင်ထွန်းတို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြု ခဲ့သည့်    အရိုး/အသွား ၇ လက်မခန့်စီရှိ ဓားဦးချွန် ၂ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူစိုးမင်းထွန်း(ခ) ထက်ရှိုင်းနှင့် ဇော်ဝင်းထွန်းတို့  ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များကအချိန်နှင့်တစ်ပြေးညီ   ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်အပ်ပါသည်။