ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ကျောင်းနေ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်
နေပြည်တော် မေ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်း
နေ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုကဲ့သို့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းသည် ဝန်ထမ်းဖြစ်သူ မိဘများအတွက် အထိုက်အလျောက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း၊ မိဘများအနေဖြင့် မိမိတို့သားသမီးများ အခက်အခဲမရှိ ပညာတတ်တစ်ဦးဖြစ်စေရေးအတွက် အန္တိမရည်မှန်းချက်တစ်ခုအဖြစ် ထားရှိရမည်ဖြစ်သကဲ့သို့ ကောင်းမွန်မှန်ကန်သည့် စိတ်ဓာတ်များနှင့် မှန်ကန်သည့် လမ်းကြောင်း ပေါ်တွင် တစိုက်မတ်မတ် လျှောက်လှမ်းနိုင်သူများဖြစ်စေရန် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ကျောင်းသားမိဘ များအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ကျောင်းသားမိဘများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်သည်။
ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးဌာန တစ်ခုလုံးအတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်မှုမှာ မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၃၄၈ ဦး၊ အလယ်တန်း ၅၄၄ ဦး၊ အထက်တန်း ၅၂၁ ဦး၊ တက္ကသိုလ် ၃၂၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၇၃၃ ဦးရှိကာ မူလတန်းတစ်ဦးလျှင် ငွေကျပ်၅၀၀၀ နှင့် ဗလာစာအုပ် တစ်ဒါဇင်၊ အလယ်တန်းတစ်ဦးလျှင် ငွေကျပ် ၇၅၀၀ နှင့် ဗလာစာအုပ် တစ်ဒါဇင်၊ အထက်တန်းတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ဗလာစာအုပ် နှစ်ဒါဇင်၊ တက္ကသိုလ်တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှင့် ဗလာစာအုပ် နှစ်ဒါဇင်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့မှု ငွေကျပ် ၅၂၃၀၀၀၀၀ ဖြစ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
