ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားနှစ်ဆူနှင့် ဓာတ်တော်များ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပ

 

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားနှစ်ဆူနှင့် ဓာတ်တော်များ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပ

 

ရန်ကုန်   မေ   ၂၈

     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးတင်ဦးလွင်နှင့် မိသားစုက   မလေးရှားနိုင်ငံ   ပီနန်မြို့ ရွှေတိဂုံပုံတူ စေတီတော်၌ ပူဇော်ရန်လှူဒါန်းသည့် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားနှစ်ဆူနှင့် ဓာတ်တော်များအား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကိုယနေ့ နံနက် ၇ နာရီတွင်ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်အောင်မြေရှိ   ချမ်းသာကြီး တန်ဆောင်း၌ကျင်းပသည်။

ဦးစွာ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်မှ     ပင့်ဆောင်လာသည့် ဗုဒ္ဓ စွယ်တော်ပွားနှစ်ဆူနှင့် ဓာတ်တော်များအား မလေးရှားနိုင်ငံ ပီနန်မြို့ Kek Lok Si  ဘုရားကျောင်းပါမောက္ခချုပ်ဆရာတော် Ven; Jit Heng၊ သံဃာတော်များနှင့် သီလရှင်များက ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းမှတစ်ဆင့် လက်ယာရစ်ပင့်ဆောင်၍ စေတီတော်ရင်ပြင်မြောက်ဘက်မုခ် အောင်မြေရှိမင်္ဂလာမဏ္ဍပ်တွင်းသို့ ပင့်ဆောင်ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ    သန်လျင်မြို့  မင်းကျောင်း ပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးမျးက မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားနှစ်ဆူနှင့် ဓာတ်တော်များအား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြသည်။

ယင်းနောက်     အလှူတော်မင်္ဂလာ အခမ်းအနားကို ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ   အခမ်းအနားသို့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အဖွဲ့ဝင်ဆရာတော်များ၊  ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ  အမှူးပြုသည့်ဆရာတော်ကြီး ၂၅ ပါး၊   မလေးရှားနိုင်ငံပီနန်မြို့      Kek Lok Si  ဘုရားကျောင်း ပါမောက္ခချုပ်ဆရာတော်၊ ပင့်သံဃာတော်အပါး ၃၀၀ နှင့်   သီလရှင်အပါး ၂၀၀ တို့ကြွရောက်တော်မူကြပြီး    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊  တိုင်းဒေသကြီးဝန်ကြီးများ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊   ဘာသာရေးဝတ်အသင်းအဖွဲ့များ၊  မလေးရှားနိုင်ငံမှ   အလှူရှင်များနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညို ကြသည်။

ဦးစွာ  နိုင်ငံတော်ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက ်ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသထံမှ  ဧည့်ပရိသတ် များက   ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး   ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံမှ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ     ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မလေးရှားနိုင်ငံ ပီနန်မြို့ Kek Lok Si ဘုရားကျောင်း ပါမောက္ခချုပ်ဆရာတော် ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော်ကပ်လှူနိုင်ရန်အတွက် အလှူငွေကျပ်သိန်း ၅၀ ကိုပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်   ဦးအောင်ဇေယျလင်းက လက်ခံရယူသည်။

ယင်းနောက် မလေးရှားနိုင်ငံ  ပီနန်မြို့Kek Lok  Si ဘုရားကျောင်း ပါမောက္ခချုပ် ဆရာတော်က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပြီး  နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇမဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြကာ   အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။