ယာယီစာသင်‌ကျောင်းဆောင် (Prefabricated School) လွှဲပြောင်း ပေးအပ်

 

ယာယီစာသင်‌ကျောင်းဆောင် (Prefabricated School) လွှဲပြောင်း ပေးအပ်

 

 နေပြည်တော်  မေ  ၂၈

နေပြည်တော်  မေ ၂၈

    မန္တလေးငလျင်ဘေးသင့် ဒေသများအတွက် AHA Centre မှတစ်ဆင့် အလှူရှင်နိုင်ငံများက  လှူဒါန်းထားသော အသင့်တပ်ဆင် အသုံးပြုနိုင်သည့် ယာယီစာသင် ကျောင်းဆောင်များ   (Prefabricated Schools) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊   AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

၂၀၂၅-၂၀၂၆  ပညာသင်နှစ်အတွက် ဇွန်လပထမပတ်အတွင်း  ကျောင်းများ အချိန်မီပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် ၂၀ ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငါးဆောင်စီ တည်ဆောက်ပေးသွားမည်ဖြစ်သည်။

ယာယီစာသင်ကျောင်းဆောင် လွှဲပြောင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး AHA  Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming  က  ယာယီစာသင် ကျောင်းဆောင်များကို    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဒေါက်တာဇော်မြင့်နှင့် နေပြည်တော် ကောင်စီဝင်     ဦးမြင့်စိုးတို့ထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက     ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။