စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ (၁/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကျင်းပ

 

စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ (၁/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်    မေ   ၂၈

     စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး  ရေတာရှည်မြို့နယ်ရှိ  အမှတ်(၃)စက်မှု သင်တန်းကျောင်း(သာဂရ)၌  ကျင်းပရာ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ အထွေထွေမန်နေဂျာတို့သည် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်၍ အခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်မှုဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ)မှ  မွေးထုတ်ပေးလိုက်သည့် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများမှ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခံရသူများကို မိမိတို့ဝန်ကြီးဌာန လက်အောက်ရှိ   စက်ရုံများနှင့် အခြားဝန်ကြီးဌာနများ၊ စက်မှုဇုန်များ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ဆက်သွယ်ပြီး  အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ယခု အမှတ်စဉ် (၁၅)တွင် သင်တန်းသား၃၇ ဦးကို  စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၅၀ ရာခိုင်နှုန်းဖြင့် မေလ၂၈ ရက်မှ  ၂၀၂၆ခုနှစ်   ဧပြီလ ၁၀ ရက်အထိ တစ်နှစ်ကြာ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည် ဖြစ်သည်။

မွန်းလွဲပိုင်းတွင် စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ (၁/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာနရုံး အမှတ် (၃၀)   အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယခုအစည်း အဝေးသည် မတ်လ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင်ကြီးကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများရှိ ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းများအား ပြန်လည်ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ ဌာနအသီးသီးက မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းသဘာဝ အလိုက် စံချိန်စံညွှန်းများနှင့်အညီ  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် (SOP)များရေးဆွဲနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငလျင်ဇုန်များတွင်  စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်၍ စက်ပစ္စည်းကိရိယာများ တပ်ဆင်မည်ဆိုပါက  ငလျင်ဒဏ်ခံဒီဇိုင်း၊ ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုအားများကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာန ကိုယ်စားလှယ် များက အင်အားပြင်းထန်သည့် ငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စံချိန်စံညွှ်းများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို   ဝိုင်းဝန်းအကြံပြု ညှိနှိုင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။