AFC Grassroots Football Day 2025 ကျင်းပ
ရန်ကုန် မေ ၂၈
AFC Grassroots Football Day 2025 အခမ်းအနားကို မေလ ၂၇ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ နည်းပြဆရာများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ကွင်းအတွင်း ဘောလုံးများကန်သွင်းကာ AFC Grassroots Football Day 2025 ကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နည်းပြဆရာများက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဘောလုံးအခြေခံကျွမ်းကျင်မှု နည်းစနစ်များကို လက်တွေ့သင်ကြားပို့ချပေးသည်။
AFC Grassroots Football Day သည် အာရှတိုက်ရှိ နိုင်ငံအသီးသီးမှ ကလေးငယ်များအား ဘောလုံးအားကစားနှင့်ပတ်သက်သည့် အခြေခံပညာရပ်များ လေ့လာသင်ယူနိုင်ရန်အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ နှစ်စဉ်စီစဉ်ကျင်းပပေးသည့် အစီအစဉ်ဖြစ်သည်။
ဤအစီအစဉ်သည် လူငယ်များ၏အားကစားစွမ်းရည်မြှင့်တင်ရေးနှင့် ဘောလုံးအားကစားပြန့်ပွား စေရေးအတွက် အရေးပါသော လှုပ်ရှားမှုဖြစ်ကြောင်း သိရသည်။
