ပဲခူးတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပဲခူးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေး လုပ်ငန်းများ ရှင်းလင်းဆွေးနွေး
ပဲခူး ဇန်နဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ ပဲခူးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအားတွေ့ဆုံ၍သတင်းတု၊ သတင်းမှား များတိုက်ဖျက်ရေးနှင့် သတင်းမှန်များ ဖြန့်ချိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော် မီဒီယာ၏ အခန်းကဏ္ဍမှတ်တမ်း ဗီဒီယိုများကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ မိမိအနေဖြင့် ယခုတွေ့ဆုံပွဲတွင် ပထမဆုံးပြောကြား လိုသည်မှာ ပဲခူးတိုင်းဒေသကြီးသည် ယခင်ကာလ များထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင် ရသည့်အတွက် လွန်စွာဝမ်းမြောက် မိကြောင်း၊ မိမိတို့နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာနေသည့်မြင်ကွင်းများကို မြင်တွေ့လိုကြောင်း၊ သို့ရာတွင် မသမာသူများက မီဒီယာအဆိပ်သင့်အောင် သတင်းတု၊ သတင်းမှားများလွှင့်ထုတ်ကာ တည်ငြိမ်မှုပျက်ပြားအောင် ဆောင်ရွက်နေကြကြောင်း။
ယနေ့အချိန်တွင် ပြည်ပအထောက်အပံ့ရယူထားပြီး ပြည်ပသြဇာခံယူနေသော မီဒီယာကြီးများက မိမိတို့နိုင်ငံနှင့် ပြည်သူများကို သတင်းမှားများထုတ်လွှင့်ကာ တိုင်းဖျက်ပြည်ဖျက်လုပ်ရပ်များ ဆောင်ရွက်နေကြသည်ကို ပြည်သူများအားလုံးက ဝေဖန်ပိုင်းခြားသိမြင်ကြရန် လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် သတင်းမှန်များ သိရှိစေရန်အတွက် မိမိတို့ဝန်ကြီးဌာနက ထုတ်ပြန်သည့်သတင်းစာများ၊ Website များ၊ လူမှုကွန်ရက်စာမျက်နှာများ၌ ဖတ်ရှုပေးကြရန်လိုအပ်ကြောင်း၊ ၁၉၈၈ ခုနှစ်တွင်လည်း ပြည်ပမီဒီယာကြီးများက သတင်းတု၊ သတင်းမှားများလွှင့်ထုတ်ကာ အချင်းချင်းစည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်ခဲ့ကြသည်ကို သင်ခန်းစာယူကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပါဝင် ကူညီပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်ကဏ္ဍကိုအလေးထားပြီး လူငယ်များအား မှန်ကန်သောလမ်းကြောင်းပေါ်ရောက်အောင် ဘက်စုံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးပမ်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ်၊ MRTV DTH စလောင်း ခုနစ်စုံနှင့် DVB T2 Set Top Box အလုံး ၁၀၀ ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်အားလည်းကောင်း၊ တပ်နယ်မိသားစုများအတွက် MRTV DTH စလောင်းသုံးစုံနှင့် DVB T 2 Set Top Boxအလုံး ၁၀၀ ကို နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးမိုးမြင့်ထွန်းအား လည်းကောင်း ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေးနှင့် သတင်းမှန်များဖြန့်ချိရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးမြို့ ကမ္ဘောဇသာဒီ ရွှေနန်းတော်သို့ရောက်ရှိပြီး နန်းတော်ကြီး အား ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ဟံသာဝတီရှေးဟောင်းသုတေ သနပြတိုက်တို့ကို ကြည့်ရှုလေ့လာသည်။
ကမ္ဘောဇသာဒီမြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ ထု ၃ ပေ ၆ လက်မရှိသည့် အုတ်စီအုတ်ရိုးများ ၁၄ ပေ ၆ လက်မစီခြား၍ တည်ဆောက်ထားသော ကျွန်းတိုင်လုံး အကြွင်းအကျန် ၅၀ နှင့် တိုင်နေရာနှစ်ခုတို့ကိုတွေ့ရှိခဲ့သည်။
ဘုရင့်နောင်မင်းတရားကြီး၏မြေနန်းပြာသာဒ် ဆောင်၊ လက်ဝဲ၀န်းဆောင်၊ လက်ယာဝန်းဆောင်နှင့်ဓနုဆောင်တို့ ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ၁၉၉၅ ခုနှစ် မတ်လ၁၉ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ယူတည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ပဲခူးမြို့ မြို့မဈေးအပေါ်ထပ်ရှိ MSME အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများက ထုတ်လုပ်သည့် ပစ္စည်းများနှင့် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop)တို့ကို ကြည့်ရှုလေ့လာသည်။
အဆိုပါ MSME အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းရှိ မြို့နယ်များမှ ထွက်ကုန်ပစ္စည်းများ သာမက တိုင်းဒေသကြီးအနောက်ပိုင်းရှိ မြို့နယ်များ၏ ထွက်ကုန်ပစ္စည်းများကိုပါ ခင်းကျင်းရောင်းချထားပြီး ပြင်ပဈေးနှုန်းထက် ဈေးနှုန်းချိုသာစွာရောင်းချလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးမြို့ ဥဿာမြို့သစ် ၂ ရပ်ကွက်ရှိ Agro Future Myanmar Co., Ltd. က ထုတ်လုပ်လျက်ရှိသောလက်ဆွဲကောက်စိုက်စက်ထုတ်လုပ်ရောင်းချ နေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ လက်ဆွဲကောက်စိုက်စက်သည် စက်၏ကိုယ်ထည်ကိုခိုင်ခံ့အောင် Steel နှင့်ပြုလုပ်ထားပြီး သယ်ယူပို့ဆောင်ရာတွင် ပေါ့ပါးခြင်း၊ ဆီစားနှုန်းသက်သာခြင်း၊ တစ်ရက်လျှင် ငါးဧကစိုက်ပျိုးနိုင်ခြင်း၊ မြန်မာနိုင်ငံတွင် ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပမှဝယ်ယူခြင်းထက် ဈေးနှုန်းသက်သာမှုရှိပြီး ခြောက်လ အာမခံစနစ်ဖြင့် ရောင်းချမှု၊ ယုံကြည်စိတ်ချရမှုတို့ကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဝယ်ယူအား ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပဲခူးမြို့ ညောင်အင်းစက်မှုဇုန်ရှိ Bago Sports Gloves Co., Ltd. သို့ သွားရောက်၍ အားကစားလက်အိတ်များ ထုတ်လုပ်နေမှုကို ကြည့်ရှုလေ့လာသည်။
Bago Sports Gloves Co., Ltd. သည် ဂျပန်နိုင်ငံရှိ The Naigai Corporation က ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် စက်ရုံဖြစ်ပြီး အလုပ်သမား ၇၆၂ ဦးဖြင့် Callaway, Addidas, Mizuno, Bridgestone, Taylormade အစရှိသည့်တံဆိပ်များဖြင့် ဂေါက်လက်အိတ်များကို လည်းကောင်း၊ Addidas, Marucci, Asics, Japana အစရှိသည့် တံဆိပ်များဖြင့် Baseball လက်အိတ်များကိုလည်းကောင်း၊ CMP စနစ်ဖြင့် တစ်လလျှင် လက်အိတ် နှစ်သိန်းခန့် ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်များကို ရောက်ရှိလေ့လာစဉ် မိမိအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာနည်းလမ်းများဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် MSME လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ရမည်ဟု ခံယူထားကြောင်း၊ ယခုလာရောက်ကြည့်ရှုရခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို သိရှိစေရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

