ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် တပ်မတော်မှထောက်ပံ့ ပေးအပ်သည့် စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်
နေပြည်တော် ဇွန် ၆
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ်အတွင်းရှိ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားသည် မေလ ၃၁ ရက်တွင် မေခမြစ်ရေအဆမတန်မြင့်တက်မှုကြောင့် မြစ်အတွင်းမျောပါသွားခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး အဆိုပါဒေသရှိ ရေဘေးသင့်ပြည်သူများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ပျက်စီးခဲ့သည့်ကြိုးတံတားအား ဌာနဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြန်လည် ဆောက်လုပ်ခဲ့ရာ ဇွန်လ ၄ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့မှုနှင့်နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မော်တော်ယာဉ်များဖြင့်စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်လျက် ရှိသည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယနေ့တွင် အဆိုပါနောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများဖြစ်သည့် တလာထုကျေးရွာ၊ ပန်နန်းဒင်ကျေးရွာနှင့်ရီဒမ်းကျေးရွာတို့ရှိ ဒေသခံပြည်သူ ၂၅၉ ဦးတို့အား တပ်မတော်မှထောက်ပံ့ပေးအပ်သည့် ဆန် ၁၁၅ အိတ်၊ ဆီ ၁၇၅ ပိဿာ၊ ဆား ၅၈ ပိဿာ၊ ကုလားပဲ ၃၈၈ ပိဿာ၊ ဆေးဝါးများနှင့်အခြားစားသောက်ဖွယ်ရာများကို နယ်မြေခံတပ်မတော်သားများနှင့်ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများသို့သွားရောက်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။