ပခုက္ကူမြို့နယ်အတွင်း အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းများ ထပ်မံတွေ့ရှိသဖြင့် ဖယ်ရှားရှင်းလင်း

ပခုက္ကူမြို့နယ်အတွင်း အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းများ ထပ်မံတွေ့ရှိသဖြင့် ဖယ်ရှားရှင်းလင်း

နေပြည်တော်    ဇွန်    ၆

PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများအခက်အခဲများဖြစ်ပေါ်စေရန်နှင့် အကြောက်တရားများ   ပိုမိုဖြစ်ပေါ်စေရန်ရည်ရွယ်၍   မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကိုလုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှ ပေါက်မြို့သို့သွားသည့် အများပြည်သူသုံးလမ်းများပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့်ဒေသန္တရလက်လုပ်မိုင်းများအားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။

ယနေ့တွင်လည်း  ပခုက္ကူမြို့နယ်အတွင်းရှိ အများပြည်သူသုံး   လမ်းများပေါ်၌ လက်လုပ်မိုင်းများ တွေ့ရှိကြောင်း ဒေသခံပြည်သူများ၏သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယနေ့မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာနှင့် ကမ္မမြို့အကြား ကားလမ်းမဘေးဘယ်ညာ တစ်လျှောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းများဖြစ်သည့် ကျောက်စည်မိုင်း၊ သံပိုက်မိုင်း၊ ပီပါမိုင်း၊ သံပုံးမိုင်း၊ ၅ ဂါလန်ရေပုံးမိုင်း၊ နင်းမိုင်း၊ မြေအိုးမိုင်း၊ ရေသန့်ဘူးကြီးမိုင်းနှင့် ကျောက်ပုံးမိုင်း စုစုပေါင်း ၂၂ လုံးတို့ကို ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သဖြင့် အများပြည်သူများ အသက်အန္တရာယ်မဖြစ်ပေါ်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက   စနစ်တကျ   ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ ပြည်သူများအပေါ်  ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် လုပ်ဆောင်ခဲ့သည့်အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူလူထုကလုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များအား တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။