နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ သဝဏ်လွှာ များအပြန်အလှန်ပေးပို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ သဝဏ်လွှာ များအပြန်အလှန်ပေးပို့

 

၂၀၂၅  ခုနှစ် ဇွန်လ ၈ ရက်တွင်ကျရောက်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံ ရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ သဝဏ်လွှာများအပြန်အလှန် ပေးပို့ခဲ့ကြ ပါသည်။ အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံ ပေးပို့သည့် သဝဏ်လွှာ

 

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ    ၈   ရက်

အဆွေတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သည့်အခါသမယတွင် မြန်မာပြည်သူများ ကိုယ်စားသော်လည်းကောင်း၊ မိမိအနေဖြင့်သော်လည်းကောင်း ဝမ်းမြောက်ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သလျက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။         

လွန်ခဲ့သည့်(၇၅)နှစ်တာကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးခင်မင်မှု တို့ဖြင့် ထူးခြားသည့်သွင်ပြင်လက္ခဏာရှိခဲ့ပါသည်။ ယင်းသို့သောချစ်ကြည်ရင်းနှီးမှု များမှာ နှစ်ဖက်အစိုးရများအဆက်ဆက်၏ ပြုစုပျိုးထောင်မှုဖြင့် တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ထိ တိုးမြှင့်နိုင်ခဲ့ပါသည်။       

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အဆွေတော်၏ခရီးစဉ်က မိမိတို့ နှစ်နိုင်ငံဆက်ဆံ‌ရေး စာမျက်နှာသစ်ကိုဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးစဉ်အတွင်း သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ်အခြေခံသော အေးအတူပူအမျှ တူညီ သောအနာဂတ်ကို မျှဝေပိုင်ဆိုင်သည့် မြန်မာ-တရုတ်အသိုက်အဝန်းကို ထူထောင်ရန် သဘောတူညီခဲ့ကြပါသည်။

နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုတိုးတက်များပြားလျက်ရှိပြီး အထူးသဖြင့် ရပ်ဝန်း နှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းများကို နှစ်နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် အကောင် အထည်ဖော်လျက်ရှိမှုက များစွာကျေနပ်အားရဖွယ်ဖြစ်ပါသည်။

မကြာသေးမီက မိမိတို့ မော်စကိုမြို့၌တွေ့ဆုံစဉ် အထူးသဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း မျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးနှင့်စွမ်းအင်ကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးအတွက် တူညီသည့်ဘုံသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ မှုကို ဝမ်းမြောက်စွာအမှတ်ရမိပါသည်။

မိမိအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကူမင်းမြို့၌ကျင်းပခဲ့သည့် မဟာမဲခေါင် ဒေသတွင်းထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ခြင်းက စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေးအစရှိသည့် အဓိက ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည့်အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ ထိပ်သီးအစည်းအဝေးကာလအတွင်း ဒေသနှင့် ကမ္ဘာတစ်ဝှမ်းတည်ငြိမ်ရေး နှင့်လုံခြုံ ရေးကို ခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများကို အတူတကွပူးပေါင်း တိုက်ဖျက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေးအတွက် ကတိကဝတ်ပြုခဲ့ကြပါသည်။

အခွင့်အခါကြုံခိုက် မကြာသေးမီက မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး လူသားချင်းစာနာထောက်ထားသည့်အကူအညီများကိုအချိန်နှင့်တစ်ပြေးညီပေးအပ်ခဲ့ခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့်ပြည်သူ များကို လှိုက်လှဲစွာကျေးဇူး တင်ရှိ ပါသည်။ ယင်းသို့ကူညီရိုင်းပင်းမှုများက ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့ နှစ်နိုင်ငံ အကြားရှိ ထူးကဲသည့်ချစ်ကြည်ရင်းနှီးမှုနှင့် စာနာနားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်ပါသည်။

ယခုကဲ့သို့ မင်္ဂလာရှိသည့်အခါသမယတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါသည်။

မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံ ရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့် အဆွေတော် ကျန်းမာသုခပြည့်စုံ၍ တရုတ်နိုင်ငံမှပြည်သူများအနေဖြင့် ဆက်လက်၍ ငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

 

                                                                ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မစ္စတာရှီကျင့်ဖျင်

သမ္မတ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ပေကျင်းမြို့

 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံမှနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့သည့် သဝဏ်လွှာ

 

ပေကျင်းမြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ  ၈  ရက်

အဆွေတော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

 

အဆွေတော်ခင်ဗျား

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယ တွင် တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများထံသို့ မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါသည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှ စ၍ (၇၅)နှစ်တာကာလအတွင်း  နှစ်နိုင်ငံအကြားရှိ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးသည် စိန်ခေါ်မှုများကြားမှပင် ပိုမိုရှင်သန်ခိုင်မာလာခဲ့ပါသည်။  နှစ်နိုင်ငံလုံးမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်တို့ကို  လိုက်နာကျင့်သုံး လျက်ရှိပြီး  အိမ်နီးချင်းကောင်းမိတ်ဖက်ဆက်ဆံရေးကို စိတ်ဓာတ်ဖြင့် နှစ်ဖက်အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေလျက် မိမိတို့နှစ်နိုင်ငံအတွက် အဓိကအရေးပါသည့် အကျိုးစီးပွားနှင့် ဘုံအရေးပါသည့် ကိစ္စရပ်များတွင် နှစ်ဖက်အကြား အပြန်အလှန်ခိုင်မာစွာထောက်ခံရပ်တည်ပေး လျက်ရှိခြင်းတို့သည် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး၏ ကောင်းမွန်သည့်သာဓက အဖြစ် ရှိနေပါသည်။

ပြီးခဲ့သည့်မေလက အဆွေတော်နှင့် ရုရှားနိုင်ငံ၌တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား အေးအတူပူအမျှ အသိုက်အဝန်း မြှင့်တင်ထူထောင်ခြင်းနှင့်ပတ်သက်၍    အရေးကြီးသည့် သဘောတူညီချက်များရရှိခဲ့ပါသည်။ တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံ ရေးဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိ ပါသည်။      နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံနှင့်အတူ  ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်း‌ဆောင်ရွက်မှု စီမံကိန်းများ ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊   ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု စီမံချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစီမံချက်၊  ကမ္ဘာလုံးဆိုင်ရာလူသားယဉ်ကျေးမှု စီမံချက် များကိုအကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ထောင်ဆောင်ရွက်ရန်၊  နှစ်နိုင်ငံပြည်သူများအတွက် ပိုမို ကောင်းမွန်သည့်အကျိုးစီးပွားများကိုအတူတကွဆောင်ကြဉ်းရန်အသင့်ရှိပါကြောင်းကို ပြောကြားလိုပါသည်။

မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအားလုံး ကျန်းမာရွှင်လန်း၍ သာယာဝပြောပါ စေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

                                                                                                                ရှီကျင့်ဖျင်

                                                                                                တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ