နိုင်ငံ့အနာဂတ်အတွက် လူငယ်များ ကြိုးစားရမည်

 

နိုင်ငံ့အနာဂတ်အတွက် လူငယ်များ ကြိုးစားရမည်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇွန်  ၁၃  ရက်)

      နိုင်ငံတော်၏ အနာဂတ်အတွက်  ပညာရေးကဏ္ဍကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်နိုင်ရေးသည်  မူလအခြေခံဖြစ်သည်။  လူသည်သူ့အရွယ်နှင့်သူ လုပ်ဆောင်ရမည့် တာဝန်များရှိထားပြီးဖြစ်သည်။  ပထမအရွယ်သည်  ပညာသင်ကြားရမည့် အရွယ်ဖြစ်သည်။ ပညာသင်ကြားရမည့် အရွယ်တွင်  ပညာသင်ကြားနိုင်မှသာ မိမိတို့တစ်ဦးချင်းစီ၏ လူမှုဘဝသည်  အဆင်ပြေပြေရှိပေလိမ့်မည်။  တစ်ဦးချင်းစီ၏ ဘဝများအဆင်ပြေလျှင်  မိသားစုများ၊ ထိုမှတစ်ဆင့် နိုင်ငံတော်အဆင့်ထိ အဆင်ပြေလိမ့်မည်။ နိုင်ငံတော်တွင် ပညာတတ်များ ပေါကြွယ်လာသည်နှင့်အမျှ  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ခရီးလမ်းသည် ဖြောင့်တန်းနေမည်ဖြစ်သည်။

ပညာရေးကဏ္ဍနှင့် ပတ်သက်လာလျှင် ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေအရ အမျိုးသားပညာရေး စနစ်တွင် ပညာရယူနည်းသုံးနည်းဖြင့် အကောင်အထည် ဖော်လျက် ရှိသည်။ကျောင်းပညာရေးနည်း၊ ကျောင်းပြင်ပ ပညာရေးနည်း၊ ကိုယ်တိုင်သင်ယူ ပညာရေးနည်းဟူသည့်  ပညာရယူနည်းများကို ကျင့်သုံး၍ အကောင်အထည် ဖော်လျက်ရှိသည်။ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းပါ လုပ်ငန်းစဉ်များအရ  ကျောင်းပြင်ပ  ပညာရေးလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရန် အတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနကို ၂၀၁၆ ခုနှစ်အတွင်း  ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

ကျောင်းပညာရေးဆိုသည်မှာ သင်ယူသူ၏ အသက်အရွယ်၊ သင်ယူရမည့်အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည်စစ်ဆေး တိုင်းတာမှုစနစ်နှင့် တိကျသော သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးသော ကျောင်းအခြေပြု မူကြိုပညာရေး၊ မူလတန်းပညာရေး၊ အလယ်တန်း ပညာရေး၊  အထက်တန်း ပညာရေး၊  နည်းပညာနှင့် သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာရေး  စသည်တို့ အကျုံးဝင်သည့် ပညာရေးဖြစ်သည်။ နှစ်စဉ်ဇွန်လအတွင်း ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်အညီ  အခြေခံကျောင်းများ ဖွင့်လှစ်ပြီး  အခြေခံပညာအတန်းများ အလိုက်သင်ကြား ပေးလျက်ရှိသည်။ အသက်ငါးနှစ်ပြည့်ပြီးသူများသည် KG တန်းသို့လည်းကောင်း၊ အသက်ခြောက်နှစ်ပြည့်ပြီးသူများသည် Grade-1 သို့လည်းကောင်း တက်ရောက်သင်ကြား ကြရမည်ဖြစ်သည်။

ကျောင်းပြင်ပပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာရေး မပြီးဆုံးသူများအား ကျောင်းပြင်ပမူလတန်းပညာရေးဖြင့် လည်းကောင်း၊ အခြေခံပညာအလယ်တန်း အဆင့်သို့တက်ရောက်ရန်  အခက်အခဲရှိသူများအား ကျောင်းပြင်ပအလယ်တန်းပညာရေးဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ကူးပြောင်းသင်ယူနိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်နိုင်ရန် ကျောင်းပြင်ပ ပညာရေးများဖြင့် လည်းကောင်း ဘဝရှေ့ရေးသာယာစေရန် အတွက်  ဆောင်ရွက်ပေးနေသော အစီအစဉ်ဖြစ်သည်။

ထိုအစီအစဉ်အရ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ ကျောင်းပြင်ပ မူလတန်းကလေးငယ် ၅၄၂၈၀ ဦး၊ ကျောင်းပြင်ပ အလယ်တန်းကလေးငယ် ၁၉၉၉ ဦးတို့အား သင်ကြားသင်ယူခွင့်များ ရရှိစေခဲ့သည်။  အဆိုပါ ကျောင်းပြင်ပပညာရေးဖြင့် သင်ကြားသင်ယူခွင့် ရရှိခဲ့သော ကလေးငယ်များအနက်  ထူးခြားအောင်မြင်ခဲ့သူများ အနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကျောင်းပြင်ပ မူလတန်းပျိုးထောင်မှုမှ တစ်ဆင့်   အခြေခံပညာ အထက်တန်းအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ၁၂၃ ဦးရှိခဲ့ပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၀ ရက်က စစ်ကိုင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်စဉ် “ နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့်  သင်ကြားပေးလျက်ရှိကြောင်း၊ ပညာတတ်များ ဖြစ်မှသာလျှင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ် ကောင်းများလည်းရရှိနိုင်မည်ဖြစ်ပြီး ဒေသနှင့်နိုင်ငံ၏ အကျိုးကိုလည်း ပိုမိုဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေး ဝန်ထမ်းများ အနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေး လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့်  စာပေပညာ၊ လူမှုဆက်ဆံရေး အသိပညာများ ရရှိစေရေး သင်ကြားပေးသွားရမည် ဖြစ်ကြောင်း၊“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း  ကလေးငယ်များအနေဖြင့်  ငယ်စဉ်ကလေး ဘဝကတည်းကပင် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာ ပြောဆိုတတ်စေရေး  သင်ကြား ပေးသွားရမည်ဖြစ်ကြောင်း၊  ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ကြားနိုင်ရေး အတွက်လည်း  စည်းရုံးဆောင်ရွက်သွားကြရန် လိုကြောင်း” ဖြင့်ပြောကြားခဲ့သည်။

ပညာရေးနှင့်ပတ်သက်လာလျှင် လူတိုင်းအတွက် ပညာရေးဆိုထားသကဲ့သို့ ပညာရေးအတွက်လည်း လူသားအားလုံးတွင် တာဝန်ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းပြင်ပသို့ရောက်ရှိနေသည့် ကလေးများအတွက်  ဒုတိယအကြိမ်ပညာရေး အခွင့်အလမ်း ရရှိစေရေးအတွက်  သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမတို့၏ စေတနာမေတ္တာအရင်းခံဖြင့်  ပူးပေါင်းဆောင်ရွက်နိုင်မှု အပေါ်တွင် မူတည်သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက   ကျောင်းနေအရွယ် ကလေးများအားလုံး  ပညာသင်ကြားနိုင်ရေးအတွက်  စည်းရုံးဆောင်ရွက်သွားကြရန်  လမ်းညွှန်ခြင်းဖြစ်သည်။   မြန်မာနိုင်ငံအတွင်းရှိ  လူငယ်များအားလုံးက  ပညာကို တတ်မြောက်အောင် သင်ကြားခြင်းဖြင့်  နိုင်ငံတော်၏ အနာဂတ်ကို  အလှဆင်ကြရမည်ဖြစ်ပေရာ သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း    တိုက်တွန်းရေးသား လိုက်ရပေသည်။   ။