တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄၈၀၀၊ လားရှိုးမြို့တွင် ငွေကျပ် ၂၇၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၁၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ဇွန်လ ၁၀ ရက်နံနက်ပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီး ဦးထွန်းအောင် တံတားတွင် သတင်းအရစောင့်ဆိုင်းနေစဉ် အိုက်ရှဲန်ဖူး မောင်းနှင်လာသော TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ကျပ်သိန်း ၄၈၀၀)ဖမ်းဆီးရမိသဖြင့် အိုက်ရှဲန်ဖူး(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားသည်။
အလားတူ လားရှိုးမြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၁၀)၊ ကြာနီလမ်းပေါ်တွင် တွေ့ရှိသူ သိန်းစိုးအောင်(ခ)အားဝေ အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၁၅၀)ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေး ပေါ်ပေါက်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၂၀)၊ ခိုင်ရွှေဝါလမ်းနေ လောဝ်ဝူ(ခ)လီမင်ချိန်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၈၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၀၄ သိန်း)နှင့် ပလတ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့် ထားသည့် ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ်(တစ်ဂရမ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၂ သိန်း) ဖမ်းဆီးရမိသဖြင့် သိန်းစိုးအောင်(ခ)အားဝေ (၂၉)နှစ်နှင့် လောဝ်ဝူ(ခ)လီမင်ချိန် (၃၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။