​​​​​​​ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော်     ဇွန်     ၁၃

မြန်မာနိုင်ငံတွင်     လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိ သူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိ စူဠာကောင်းမှုတော်စေတီ၊ ရတနာစေတီ ဆင်များရှင်ဘုရားနှင့် ဆွမ်းဦးပုညရှင်စေတီ များ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော  သာသနိကအဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှုအခြေအနေများနှင့် စေတီတော်ပရိဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းရေးဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ နှင့်တာဝန်ရှိသူများသည်   စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်၊ ရွှေစေတီပရိယတ္တိစာသင်တိုက်နှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ရန်အောင်မြင်ဆုတောင်းပြည့်မြတ်စွာဘုရား၊ သကျဓီတာသီလရှင်စာသင်တိုက်၊ မိုးညှင်းတောရကျောင်းတိုက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့်   ပြိုကျပျက်စီးခဲ့သော လူနေအဆောက်အအုံများကို စက်ယန္တရားကြီးအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင်ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည်  စစ်ကိုင်းမြို့၊ ဓမ္မသီလ ကျောင်းတိုက်ဆရာတော်အား  ဖူးမြော်ကြည်ညိုကြပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော   သာသနိက အဆောက်အအုံများအတွက်  ဘိလပ်မြေ(၁၀၀)အိတ်အား လှူဒါန်းခဲ့ကြသည်။ 

အလားတူ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်စစ်ဆေးကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ၍ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအတွက် မေးခွန်း/အဖြေလွှာများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှုနှင့်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုစဉ်ကာလအတွင်း အဆင်ပြေ ချောမွေ့စွာဖြေဆိုနိုင်ရေးတို့အတွက် ဌာနအလိုက် ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့အား   ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင် သည်  မန္တလေးတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မဟာအောင်မြေခရိုင် ပညာရေးမှူး၊  မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့မှ မြို့နယ်ပညာရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့သို့သွားရောက်၍   ပြန်လည်ကျင်းပမည့်  ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဘေးကင်းလုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ   ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်သို့ သွားရောက်၍ ပြန်လည်ကျင်းပ မည့် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုစနစ်တကျစီစဉ်ဆောင်ရွက်ထားရေး၊ ကျောင်းသား/ကျောင်းသူများဘေးကင်း လုံခြုံအေးချမ်းစွာဖြေဆိုနိုင်စေရေး၊ မေးခွန်း/အဖြေလွှာစသည့် စာရွက်စာတမ်းများအား စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်

ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ စီစဉ်ဆောင်ရွက်ထားရှိပေးနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ အချိန်မီသွားလာနိုင်ရန် တာဝန်ရှိသူများကတတ်နိုင်သည့်နည်းလမ်း များဖြင့် ကူညီဆောင်ရွက်ပေးသွားရေးတို့အားမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဦးပွားစေတီတော်မြတ်ကြီးနှင့် အာနန္ဒာ မြတ်စွာဘုရားတို့သို့သွားရောက်၍ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျောင်းတိုက်အတွင်းရှိ သာသနိကအဆောက် အအုံများနှင့်ဘုရားစေတီအပျက်အစီးများအားတပ်မတော်သားစစ်သည်များမှ အင်တိုက်အားတိုက်ရှင်းလင်းဖယ်ရှားနေမှုများ၊ သံဃာတော်များ  ခေတ္တသီတင်း သုံးရန်ယာယီကျောင်းဆောင်များဆောက် လုပ်ထားရှိမှုအခြေအနေများ၊ ဘုရားဝင်းအတွင်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် အခမဲ့ဆေးပေးခန်း ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် စက်ယန္တရားကြီးများ အသုံးပြု၍  အပျက်အစီးများရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက် များအပေါ်   လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။