တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင် ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၁၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၁၁ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (သုည ဒသမ ၄၇၈)တန်၊ အခြားသစ် (၁ ဒသမ ၄၉၀)တန်၊ မီးသွေး (၉ ဒသမ ၆)တန်၊ သစ်ပုတ်မျော(၄၅)လုံးနှင့် လက်တွန်းထွန်စက်(၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၃၇၂၇၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၁၂ ရက်တွင်မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟန်မြင့်မိုရ် - ရွာငံလမ်း၊ ဆင်ခေါင်းတောင်အနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၅)မျိုး၊ လူသုံးကုန်ပစ္စည်း(၃)မျိုး၊ စားသောက်ကုန် ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၈၂၄၄၂၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Hinthar Truck (၁)စီး၊ Nissan Diesel Truck (၁)စီး၊ Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၃၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၁၂၄၄၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၂ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၂၃၅၀၀)ကိုလည်းကောင်း၊ ပဲခူးမြို့ရှောင်လမ်း၊ Brother ဆီဆိုင်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၆၈၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅၀၀၀၀၀)ကိုလည်းကောင်း၊ ညောင်ခါးရှည် X- Ray စစ်ဆေးရေးဂိတ်အနီး၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၂၈၇၂၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အင်းတကော်မြို့၊ ဆယ်မိုင်ကုန်း၊ ရွှေဆည်သူ စားသောက်ဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၆၆၁၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Hino Profia Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို လည်းကောင်း၊ ရွှေမဲဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ် (၁)စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံး ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၇၉၁၉၄၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Sein Min Thar ရေယာဉ်(၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၇၀၃၇၂၄၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ဇွန်လ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၂ ဒသမ ၈၃၂)တန် စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၀၈၉၁၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့၊ နောင်နွန်းစစ်ဆေးရေးဂိတ်အနီး၊ မိုင်းဇင်းကျေးရွာ ရှောင်ကွင်း လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက် ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၁၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် (၁၁)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၆၇)စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ဇွန်လ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင်ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၂၈၇၆၃၆)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမိုတားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။