သစ်ပင်စိုက်ခြင်းဖြင့် ထာဝရကုသိုလ်ယူကြစို့
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်)
ရှေးကမိမိတို့၏ ဘိုးဘေးဘီဘင်များက သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။ ထိုသို့စိုက်ပျိုးခဲ့ကြသဖြင့် သစ်ပင်သစ်တောများကို မြင်တွေ့ရသည်။ လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် လည်းကောင်း၊ ကျေးလက်များ တွင်လည်းကောင်း နှစ်ပေါင်းကြာရှည်နေပြီဖြစ်သော သစ်ပင်များကိုမြင်တွေ့ရသည်။ သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားခိုနိုင်သည်ဟု ဆိုထားသည့်အတိုင်း အဆိုပါသစ်ပင်ရိပ်တွင် လူသားများသည် အနားယူအပန်းဖြေနိုင်ကြသည်။ လယ်ထွန်၊ ပျိုးနုတ်၊ ကောက်စိုက်၊ စပါးရိတ်သိမ်းကြသည့်အခါ အဆိုပါသစ်ပင်ရိပ်များကို မှီခိုရသည်။ သစ်ပင်အရိပ်သည်အေးမြသည်။ စိတ်ကိုကြည်နူးစေသည်။
ရှေးကသစ်ပင်များ စိုက်ပျိုးခဲ့ကြသလို ယနေ့ခေတ် လူသားတို့သည်လည်း သစ်ပင်များကို ဆက်လက် စိုက်ပျိုးကြခြင်းဖြင့် အမွေကောင်းများ ထားရှိခဲ့ကြရမည်ဖြစ်သည်။ အမှန်ဆိုရလျှင် သစ်တောသစ်ပင်များမှာ အတိတ်ကာလ၏ အမွေအနှစ်ဖြစ်သည်။ အတိတ်ကာလ၏ အမွေအနှစ်များသည် ပစ္စုပ္ပန်အတွက် အကျိုးစီးပွားဖြစ်သည်။ ထိုအကျိုးစီးပွားများကို အသုံးပြုရင်း အနာဂတ်ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်းများ ဖြစ်လာစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နောင်လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်ရေး၊ စိမ်းလန်းစိုပြည်သည့် မြေကြီးမှရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အတွက် အကျိုးရှိစေရေး သစ်ပင်များကို ပျော်ပျော်ရွှင်ရွှင် စိုက်ပျိုးကြရမည်ဖြစ်သည်။
သစ်ပင်စိုက်ပျိုးခြင်းမှာ ထာဝရကုသိုလ် ရရှိနေခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓကထာဝရ ကုသိုလ်ခြောက်မျိုးတွင် သစ်ပင်၊ ပန်းပင်၊ အရိပ်ရပင်များစိုက်ပျိုးခြင်းမှာ ထာဝရကုသိုလ်တွင် ပါဝင်ကြောင်း ဟောကြားထားသည်။
သစ်ပင်မျိုးစုံစိုက်ပျိုးနေကြသူများသည် ထာဝရကုသိုလ်ကို အလိုလိုရရှိနေကြသူများ ဖြစ်သည်။
သစ်ပင်တစ်ပင်စိုက်ပျိုးခြင်းမှာ ဇရပ်တစ်ဆောင် လှူဒါန်းသည်နှင့်တူလှသည်။ တိုင်းရင်းဆေးပညာအရ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည်ဟု ဆိုထားရာ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ဆေးကုသရာတွင်လည်း များစွာ အထောက်အကူဖြစ်စေသည်။ ထို့အတူ ဥတုရာသီတောကိုမှီ၏ဟုလည်း ဆိုထားပေရာ ရာသီဥတု ကောင်းမွန်မျှတရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို အလှဆင်လျက်ရှိရာတွင် မြို့ပြကျေးလက်နေရာစုံတွင် သစ်ပင်များစိုက်ပျိုးခြင်းလည်း ပါဝင်သည်။ မိမိတို့နေထိုင်သည့် နေရာဒေသများ ဖွံ့ဖြိုးတိုးတက်စည်ပင် သာယာရေး လုပ်ဆောင်ရာတွင် သစ်ပင်စိုက်ပျိုးခြင်းလည်း ပါဝင်သည်။ သစ်ပင်စိုက်ပျိုးခြင်းမှာ လူသားတို့အတွက် သဘာဝပတ်ဝန်းကျင် ကောင်းကျိုးကို ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့အတူဆိုးကျိုးကို ကာကွယ်ပေးခြင်းဟု လည်း ဆိုနိုင်သည်။ အရိပ်ရလေကာပင်များ ရှင်သန်ကြီးထွားနေသည့်အခါ သာမန်လေတိုက်ခတ်ခြင်းမျိုးကို ကာကွယ်ပေးနိုင်သည်။
သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်း၊ မိမိတို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေကိုရရှိခြင်း၊ သစ်ပင်များ ရှင်သန်နေစဉ် အသီးအရွက်အပွင့်များကို စားသုံးနိုင်ခြင်း၊ ကျေးငှက်တိရစ္ဆာန်များ အတွက် နေထိုင်နားခိုစရာ၊ အစာရေစာရရှိခြင်း စသည်ဖြင့် ကောင်းကျိုးများလှသည်။ သစ်ပင်တစ်ပင်ရှင်သန် ဖြစ်ထွန်းအောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်သည်။ အထူးသဖြင့် မြေသည်အဓိကဟုဆိုနိုင်သည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်ထွန်းမည်။ မြေဆီမြေနှစ်၊ မြေဩဇာကင်းမဲ့သောမြေ၊ အပင်အတွက်လိုအပ်သော အစိုဓာတ်မထိန်းသော မြေတို့မှာ သစ်ပင်စိုက်က ရှင်သန်ရန်ခက်ခဲသည်။ အပင်ရှင်သန်ရန်အတွက် ရေလိုအပ်သည်။ ရေဝပ်နေသည့်နေရာများတွင် သစ်ပင်စိုက်ပျိုးဖြစ်ထွန်းရန် ခက်ခဲသည်။
သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ပျိုးရန် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲ/ယာများ အထူးလုပ်ငန်း တစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း မိုးကြို/မိုးကာလ သစ်ပင်စိုက်ပွဲတော်များကျင်းပခြင်း၊ ဌာနဆိုင်ရာတပ်ရင်း/တပ်ဖွဲ့များ၊ ပြည်သူများသို့ ဖြန့်ဝေခြင်းတို့အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံပျိုးပင် ၂၁ သန်းနီးပါး ပျိုးထောင်ထားရှိသည်။
ထို့ပြင်သစ်ပင်ပျိုးထောင်မှုနှင့်ပတ်သက်၍ သစ်တောသစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကတစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ဆောင်ရွက်မှုများ ပါဝင်ပါက ပျိုးပင်အရေအတွက် ပိုမိုများပြားစွာ ပျိုးထောင်ထားရသည်။ ထိုသို့ပျိုးထောင်ရသည့် ငွေကြေး၊ အချိန်၊ လုပ်အား၊ နည်းပညာ အရင်းအနှီးများစွာစိုက်ထုတ်ရသည်။
ထို့ကြောင့် သစ်ပင်များစိုက်လျှင် ရှင်သန်အောင် စိုက်ပျိုးကြရမည်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးသူတိုင်း၏ စိတ်တွင် မိမိစိုက်ပျိုးသမျှ သစ်ပင်များကိုရှင်သန်နေစေချင်ကြသည်။ ရှင်သန်နေသည့် အပင်များကိုကြည့်၍လည်း
ဝမ်းသာပီတိဖြစ်ရသည်။ ဥယျာဉ်မှူးသည် မိမိစိုက်ပျိုးသည့် အပင်များရှင်သန်ရေး အားစိုက်သကဲ့သို့ ထိုအပင်များ ရှင်သန်ကြီးထွားလာလျှင်လည်း ဝမ်းသာပီတိဖြစ်ရသည်။ သစ်ပင်စိုက်ပျိုးခြင်းမှာ စိုက်ပျိုးသူအနေဖြင့် ဝမ်းသာပီတိဖြစ်ရသကဲ့သို့ အမြဲတမ်းရရှိနေမည့် ထာဝရကုသိုလ်လည်း ဖြစ်သည့်အတွက် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ သစ်ပင်စိုက်ပျိုးကြပါစို့ဟု နှိုးဆော်ရေးသား လိုက်ရပေသည်။ ။