လှည်းကူးမြို့နယ်ရှိ ရုပ်ရှင်မြို့တော် စီမံကိန်းကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇွန် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဆောင်ရွက်နေသည့် ရုပ်ရှင်မြို့တော်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်၍ သစ်ပင်များ စိုက်ပျိုးပေးကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယက ဦးအောင်လွင်၊ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အနုပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင် များ အသင်းချုပ်မှ အမှုဆောင်များ တက်ရောက်ကြသည်။
ဦးစွာ ရုပ်ရှင်မြို့တော်စီမံကိန်း ဆောင်ရွက်မှုဗီဒီယို မှတ်တမ်းကို ပြသပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဇော်မြင့်ဦးက ရုပ်ရှင်မြို့တော်စီမံကိန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်မြို့တော်စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် တရားဝင်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်မြို့တော်စီမံကိန်းသည်ရုပ်ရှင်လောကသားများ အတွက်သာမက နိုင်ငံတော်နှင့်ပြည်သူများ အတွက်ပါ အရေးပါသည်ဟု ပြောကြားလိုကြောင်း၊ အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေဖြင့် အစည်းအရုံး၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နည်းလမ်း၊ နိုင်ငံတော်မှ လိုအပ်သည့် ရင်းနှီးမတည်ငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးယူဆောင်ရွက်သည့် နည်းလမ်းနှင့် Public- Private -Partnership နည်းလမ်းဆိုသည့် နည်းလမ်းသုံးခုအနက်သင့်လျော်ရာ နည်းလမ်းဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းအောင်မြင်ပါက ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းများကို ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင်သာ ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် အနုပညာရှင်များအတွက် များစွာအဆင်ပြေလွယ်ကူမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားခဲ့သော ရုပ်ရှင်ပြသခြင်း လုပ်ငန်းများကို ပြန်လည်ရှင်သန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ယခုအချိန်တွင်ပုံမှန် အခြေအနေသို့ရောက်ရှိပြီး ရုပ်ရှင်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌက ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်လွင်က ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တက်ရောက်လာသည့် အနုပညာရှင်များ၊ ဝန်ထမ်းများနှင့်အတူ သတ်မှတ်နေရာများတွင် သစ်ပင်များ စိုက်ပျိုးပေး ခဲ့ကြကြောင်း သိရသည်။