အမြို့မြို့အနယ်နယ်၌ အမှိုက်များ ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး သရုပ်ပြပွဲ ကျင်းပ
နေပြည်တော်
နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် H-1 လမ်းမကြီးဘေး၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပိတောက်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် ပိတောက်၊ ဆီသပြေနှင့် ပန်းမဲဇလီ စုစုပေါင်းအပင် ၆၅၀ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့ သီရိရတနာမြို့မဈေးသို့ သွားရောက်၍ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဈေးသူဈေးသားများနှင့် ပြည်သူလူထုများအား အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များ ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး သရုပ်ပြပွဲဆောင်ရွက်နေမှုကို တက်ရောက်အားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် လမ်းဘေးဝဲ/ယာရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ရွှေတောင်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင် မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်နိုင်ရေး၊ မြို့နယ်သန့်ရှင်း သာယာလှပစေရေး အမှိုက်များ စနစ်တကျစွန့်ပစ်ကြရန် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်သတ်မှတ်၍ ခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြလေ့ကျင့်ခြင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသီရိက အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများ အတွက် အဝါရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင် လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားသည်။
ထို့နောက် ပြည်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသီရိက အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံကို ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြစေခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများ ပံ့ပိုးပေးအပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ ပြည်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးသီရိ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တောင်ကြီး
အမှိုက်များကို စနစ်တကျခွဲခြား စွန့်ပစ်ခြင်းသည် အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင် အမှိုက်များကို အကျိုး ရှိအောင် ပြန်လည်အသုံးပြုနိုင်ရန်အတွက်စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြား စွန့်ပစ်ခြင်းအသိပညာပေး သရုပ်ပြပွဲကို ဇွန်လ ၁၆ ရက်ညနေပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စွန့်ပစ်ပစ္စည်းအမှိုက်များ စီမံခန့်ခွဲမှုတွင် အမှိုက်များ ခွဲခြားစွန့်ပစ်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြား စွန့်ပစ်ရန် အသိပညာဖြန့်ဝေပေးပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြို့တော်ခန်းမအပြင်ဘက်၌ စွန့်ပစ်ပစ္စည်းစနစ်တကျ ခွဲခြားစွန့်ပစ်ရန်အတွက် သရုပ် ပြသကာ ပြည်နယ်ဝန်ကြီးချုပ်က ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စွန့်ပစ်ပစ္စည်းစနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရန်အတွက် အသိပညာပေးခြင်း ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ထို့အတူ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ စွန့်ပစ်ပစ္စည်းများ ခွဲခြားစွန့်ပစ်ရန် အသိပညာပေး သရုပ်ပြပွဲကိုကျင်းပရာ ပြည်နယ်လူမှုရေးရာ ဝန်ကြီးက တက်ရောက်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း ရှင်းလင်းတင်ပြ၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက အမှိုက်များခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး သရုပ်ပြသကြောင်း သိရသည်။
မြန်အောင်
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧရာဦးခန်းမ၌ ဇွန်လ ၁၆ ရက် မွန်းလွဲပိုင်းက အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပသည်။
အခမ်းအနားကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအားဖြင့် အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းမပြုဘဲ စနစ်တကျစွန့်ပစ်ကြရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဖို့လိုကြောင်း ပြောကြားပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်က အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ် တတ်စေရန်အတွက် အမျိုးအစား(၄)မျိုးဖြစ်သည့် မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများ ပါဝင်သည့်အမှိုက်များအား အမှိုက်စိုအဖြစ် အစိမ်းရောင်ပုံးတွင် လည်းကောင်း၊ ခြောက်သွေ့သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအား အဝါရောင်ပုံးတွင် လည်းကောင်း၊ ပလတ်စတစ်သုံး ပစ္စည်းများအား အပြာရောင်ပုံးတွင် လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ အင်းဆက်ဖျန်းဆေးရည်များစသည့် ဘေးအန္တရာယ်ရှိနိုင်သည့် အရာများအား ဘေးအန္တရာယ်ရှိသော အမှိုက်များအဖြစ် အနီရောင်ပုံးတွင် လည်းကောင်း စွန့်ပစ်ရန် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့တို့အား လက်တွေ့သရုပ်ပြသသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။