တရားမဝင် ဓာတ်အား ရယူသုံးစွဲမှုများ မရှိစေရေး အဆင့်ဆင့်စစ်ဆေး ကြပ်မတ်သွားရန် လိုအပ်
နေပြည်တော် ဇွန် ၁၇
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နမ့်စန်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန နမ့်စန်ပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝစွာ ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး တို့အတွက် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ စနစ်တကျပုံမှန်စစ်ဆေး ဆောင်ရွက်သွားရန် တို့ကို မှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု၊ ဓာတ်အားခ ကောက်ခံရရှိမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီး စီမံကိန်း၊ လုပ်ငန်းများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်း၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်
တောက်မှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ အင်းလေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှုနှင့် ဓာတ်အားဖြန့်ဖြူး ပေးနိုင်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးတို့ကို ရည်မှန်းချက်ထား ဆောင်ရွက်ရန်၊ တရားမဝင် ဓာတ်အား ရယူသုံးစွဲမှုများ မရှိစေရေး အဆင့်ဆင့်စစ်ဆေး ကြပ်မတ်သွားရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။