နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဉေယျဓမ္မ (အဂ္ဂမဟာပဏ္ဍိတ) သက်တော် (၈၇)နှစ်၊ သိက္ခာ (၆၇)ဝါရှိ မဟာထေရ်မြတ်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

 

နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဉေယျဓမ္မ (အဂ္ဂမဟာပဏ္ဍိတ) သက်တော် (၈၇)နှစ်၊ သိက္ခာ (၆၇)ဝါရှိ မဟာထေရ်မြတ်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

 

နေပြည်တော်    ဇွန်      ၁၇

      ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက် ကျုံးကြီးလမ်း  ကျုံးကြီးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တ‌‌‌‌ဉေယျဓမ္မ (အဂ္ဂမဟာပဏ္ဍိတ) သက်တော် (၈၇)နှစ်၊ သိက္ခာ (၆၇)ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၇ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန်လ ၁၆ ရက် တနင်္လာနေ့  ည ၈ နာရီ မိနစ် ၄၀ တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။                          

      နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက် ကျုံးကြီးလမ်း ကျုံးကြီးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက  ဘဒ္ဒန္တဉေယျဓမ္မ (အဂ္ဂမဟာပဏ္ဍိတ)၏  ထေရုပ္ပတ္တိ အကျဉ်း

ဖွားမြင်တော်မူခြင်း

       ဆရာတော်လောင်းလျာသည်    ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကတုံကျေးရွာ ခမည်းတော် ဦးလှကြီး + မယ်တော် ဒေါ်ကျင်ရွှေ တို့မှ ၁၃၀၁ ခုနှစ်ဝါခေါင်လပြည့်ကျော် ၇ ရက် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသော သားရတနာ ဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း   

      ဆရာတော်လောင်းလျာသည် ၁၃၁၁ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကတုံကျေးရွာ ကတုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစာရကို ဥပဇ္စျာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၀ ပြည့်နှစ် နှောင်းတန်ခူး လဆန်း ၅ ရက်တွင် ကွမ်းခြံကုန်းမြို့နယ် ခေမာသီဝံတိုက်သစ် ကျောင်းဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသကို ဥပဇ္စျာယ်ပြု၍ ကမာရွတ်မြို့နယ် ကျားကျောင်း ခဏ္ဍသိမ်၌ ဦးဖူး+ဒေါ်သိန်းတင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း     

      ဆရာတော်လောင်းလျာသည် ကွမ်းခြံကုန်းမြို့နယ် ခေမာသီဝံတိုက်သစ်ကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ  ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်  ဆရာတော်များ၊  မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်ဆရာတော်များ၊ မစိုးရိမ်တိုက်ဆရာတော်များ၊  မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်တိုက်) ဆရာတော်များစသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပြီး ၁၃၂၁ ခုနှစ်တွင် “သာသနဓဇဓမ္မာစရိယ” ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း

     ဆရာတော်သည် ၁၃၂၉ ခုနှစ်မှ ၁၃၃၅ ခုနှစ်အထိ ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်တိုက်)တွင် ပထမပြန်ဆိုင်ရာ စာပေကျမ်းဂန်များ သင်ကြားပို့ချ ပေးတော်မူခဲ့ခြင်းနှင့် ၁၃၃၈ ခုနှစ်တွင် တွံတေးမြို့နယ်ရွှေဆံတော်ရပ်ကွက်၌  ကျုံးကြီးပရိယတ္တိစာသင်တိုက် တည်ထောင်ဖွင့်လှစ်ပြီး စာသင်သားရဟန်း သာမဏေတို့အား ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီး၌ သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ၁၉၈၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်းနှင့် ၂၀၀၄ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်သြဝါဒါစရိယအဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။

ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း           

      ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော လဇ္ဇီပေသလသိက္ခာကာမဂုဏ်၊ ပရိယတ္တိ ဆေကဂုဏ်၊ ပရိယတ္တိမာမကဂုဏ်၊ သာသနဓုရာဝဟဂုဏ်၊ ရတ္တညူ မဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၀ ပြည့်နှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

     ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၈၇)နှစ်၊ သိက္ခာ(၆၇)ဝါအရ ၁၃၈၇ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်၊  ၁၆-၆-၂၀၂၅ ရက်   တနင်္လာနေ့   ည ၈ နာရီ မိနစ် ၄၀ တွင်   ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း  သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။