စပါးအသင်းနှင့်အနာဂတ် မရေမရာဖြစ်နေသည့် ဆွန်ယောင်မင်ကို ဖီနာဘာချီအသင်းက ခေါ်ယူရန် ကြိုးပမ်းနေ

 

စပါးအသင်းနှင့်အနာဂတ် မရေမရာဖြစ်နေသည့် ဆွန်ယောင်မင်ကို ဖီနာဘာချီအသင်းက ခေါ်ယူရန် ကြိုးပမ်းနေ

 

အစ္စတန်ဘူလ်  ဇွန်  ၁၇

      တူကီယဲထိပ်တန်းကလပ် အသင်းတစ်သင်းဖြစ်သည့် ဖီနာဘာချီအသင်းက စပါးအသင်းနှင့် အနာဂတ် မ‌ရေမရာဖြစ်နေသည့် တိုက်စစ်ကစားသမား ဆွန် ယောင်မင်ကို ခေါ်ယူရန်  ကြိုးပမ်းနေကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် ဆွန်ယောင်မင်သည် ၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အစောပိုင်းနှစ်များက ပွဲကစားခွင့် နည်းပါးခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင်     အသင်းဖော်ဟောင်း တစ်ဦးဖြစ်သည့် ဟယ်ရီကိန်းနှင့်အတူ စပါးအသင်းတိုက်စစ်ပိုင်းတွင် အကောင်းဆုံးတွဲဖက်ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ အဓိက ကစားသမားတစ်ဦးအဖြစ် ကာလရှည် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

ဆွန်ယောင်မင်သည် စပါးအသင်းမှ ဟယ်ရီကိန်း ထွက်ခွာသွားပြီးနောက်ပိုင်းတွင်လည်း စပါးအသင်း ခေါင်းဆောင်အဖြစ်   အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်နိုင်ခဲ့ပြီး   အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသူဖြစ်သည်။

သို့သော် စပါးအသင်းနှင့် ဆွန်ယောင်မင်တို့စာချုပ် သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး စပါးအသင်းဘက်မှ သက်တမ်းတိုး စာချုပ်အတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရှိခဲ့ခြင်းကို ဆွန်ယောင်မင်က စိတ်ပျက်လျက် ရှိသည့်အတွက် လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင်ပင် အသင်းမှထွက်ခွာရန် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဖီနာဘာချီအသင်းနည်းပြ  မော်ရင်ဟိုက   ယခုဘောလုံးရာသီ၌ တူကီယဲစူပါလိဂ်ပြိုင်ပွဲတွင် အဆင့်(၂)နေရာ၌ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံဆု လက်လွှတ်ခဲ့ရသည့်အတွက် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံဆုစိန်ခေါ်နိုင်ရန် ဆွန်ယောင်မင်ကို ခေါ်ယူအင်အား ဖြည့်တင်းလိုခြင်းဖြစ်သည်။

နည်းပြမော်ရင်ဟို စပါးအသင်းကို ၂၀၁၉ ခုနှစ် မှ ၂၀၂၁   ခုနှစ်အထိ   တာဝန်ယူကိုင်တွယ်ခဲ့စဉ်က ဆွန်ယောင်မင်နှင့် တွဲဖက်ခဲ့ဖူးသူများဖြစ်သည့်အတွက် နည်းပြ မော်ရင်ဟိုက ဖီနာဘာချီအသင်းထံ ခေါ်ယူလိုခြင်းဖြစ်ပြီး   ဖီနာဘာချီအသင်းကလည်း မြင့်မားသည့်  လုပ်ခလစာတစ်ရပ်ဖြစ်သည့် တစ်နှစ်လုပ်ခလစာ ယူရို ၁၂ သန်းဖြင့်  ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။