ပေါင်းတည်မြို့နယ်၌ မိုးစပါးဧက ၂၃၀၀၀ ကျော် စိုက်ပျိုးပြီးစီး လျာထားဧက ပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိ
ပေါင်းတည် ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်အတွက် မိုးစပါး ၇၃၅၁၄ ဧကလျာထား စိုက်ပျိုးလျက်ရှိပြီး ယနေ့အထိ ၂၃၁၂၄ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရှိရသည်။
ယခုနှစ်မိုးစပါးကို ပန်းတိုင်အထွက်နှုန်းတင်း ၁၀၀ နှင့်အထက်ရရှိရေး အတွက်ဆောင်ရွက်လျက်ရှိရာ တောင်သူများလိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းကူညီ၍ တောင်သူအသိပညာပေး ဆွေးနွေးပွဲများ၊ အစေ့ချကိရိယာ(Drum Seeder )နှင့် ကောက်စိုက်စက်အမျိုးမျိုးဖြင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းသရုပ်ပြပွဲများ ပြုလုပ်ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် တောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းနိုင်ရေးတို့ အတွက် လျာထားဧကထက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးဖြစ်ထွန်းနိုင်ရေး တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းလျက် ရှိသည်။
စိုက်ပျိုးရန်ကျန်ရှိသော စိုက်ဧကများကို ရေတော် မိုးတော်ဖြင့် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးပြီးစီးနိုင်ရေးနှင့် ယခုကာလတွင် စိုက်ပျိုးပြီး စပါးပင်နုများအား ကိုက်ဖြတ် စားသောက်တတ်သည့် ရွှေခရုအန္တရာယ် ကာကွယ်ရေး အတွက် စိုက်ခင်းများအတွင်း ရှာဖွေသုတ်သင်နိုင်ရေးကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန စိုက်ကြပ်အဖွဲ့ ဝန်ထမ်းများက လိုက်လံဆော်သြ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။