မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ရေးသားခြင်းနှင့် ပတ်သက်၍ ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် ဆွေးနွေးပွဲကျင်းပ

 

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ရေးသားခြင်းနှင့် ပတ်သက်၍ ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် ဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်  ဇွန်  ၁၈

     တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ရေးသားပြုစုရေးအတွက် ပျူခေတ် ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားပြတိုက် ဘက်စုံခန်းမ ၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ပျူခေတ် သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့်  လေ့လာသူ ပြင်ပပညာရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာကိုးကားစရာ အဖြစ် လွန်ခဲ့သောနှစ် ၅၀ ကျော်ကရေးသား ထားသည့် “အခြေပြမြန်မာ့ နိုင်ငံရေးသမိုင်း” သာရှိခဲ့ရာမှ နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြု အသစ် တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် ပျူခေတ်ကာလ သမိုင်းစဉ်သည် လည်း ပိုမို၍ရုပ်လုံးပေါ် ပြည့်စုံလာပြီဟု ယူဆရပြီး တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့် ရလဒ်ကို မျှော်မှန်း နိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ပျူအက္ခရာ၊ ပျူစာပေ၊ ပျူအသံထွက်၊ ပျူအနုပညာ၊ ပျူဂီတ၊ ပျူအကနှင့် ဝတ်စားဆင်ယင်မှု အထောက်အထားများ နှင့် ပတ်သက်၍ ပညာရှင်များပါဝင် ဆွေးနွေးရန် ဖိတ်ခေါ်သည်။

ထို့နောက် တက်ရောက်လာသူများက သရေခေတ္တရာမြို့ဟောင်းမှ တူးဖော်တွေ့ရှိ သည့် ဟိန္ဒူဘာသာ အထောက်အထားများ၊ ပျူဂီတ၊ ပျူသီချင်း၊ အကဝိသေသလက္ခဏာ များနှင့် အနုသုခုမဆိုင်ရာ သုတေသနတွေ့ရှိ ချက်များနှင့် ပျူခေတ်ဂီတအနုပညာဆိုင်ရာ အထောက်အထားများ၊ ပျူခေတ်ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု သုတေသနပြုတွေ့ရှိချက် များ၊ ပျူအက္ခရာ၊ ပျူအသံထွက်၊ ပျူစာပေ ဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များ၊ ပျူခေတ်ရေအသုံးချမှု၊ ရေစီမံခန့်ခွဲမှု၊ မြို့ရိုးမြို့တာကာကွယ်ရေး စနစ်များ သုတေသန ပြုတွေ့ရှိချက်များ၊ သံခေတ်နှင့် ပျူခေတ် DNA သုတေသန ဆောင်ရွက်နေမှုနှင့် ကာဗွန် သက်တမ်း သုတေသန ဆောင်ရွက်မှုများကို ရှင်းလင်း ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်း ရရှိသည်။