တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုအားပေး

 

တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး   ကွင်းဆင်း ကြည့်ရှုအားပေး

 

တောင်ငူ   ဇွန်   ၁၈

       ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် အမှိုက်ကင်းစင်ရေးနှင့် စနစ်တကျ အမှိုက်ခွဲခြား စွန့်ပစ်တတ်သည့် အလေ့အထ ကောင်းများ ပေါ်ပေါက်လာစေရေးအတွက် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်နှင့် ပလတ်စတစ်အမှိုက်ခွဲခြား စွန့်ပစ်သရုပ် ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်သည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက်   တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်ငူမြို့ ၌ ဖွင့်လှစ် ပေးထားသည့်  MSME ဒေသထွက်ကုန် အရောင်းစင်တာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မူရင်းဈေးနှုန်းအတိုင်း အမယ်စုံ ရောင်းချသွားရန်နှင့် MSME အမယ်သစ်များ ဖော်ထုတ်၍ ဈေးကွက်ရရှိစေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ကံရိုးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကျော်စိုး၏ နို့စားကျွဲကောင်ရေ ၃၀၊ နို့စားနွား   ၁၀  ကောင်နှင့် ဒေသနွား  ၁၀  ကောင် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်စွန့်ပစ်ပစ္စည်းများဖြင့်  တိရစ္ဆာန်မွေးမြူရေး အစားအစာထုတ်လုပ်သွားရန်၊   ထွက်ရှိလာသည့်နို့များအား   ကုန်ကြမ်းအဖြစ် မရောင်းချဘဲ မလိုင်ခဲ၊ ဒိန်ချဉ်၊ နို့စိမ်း၊ နို့ဆီ အစရှိသည့် ကုန်ချောနို့ထွက် ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချရန်နှင့် ဇီဝလုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စုရှိ ဦးစန်းဦး၏ မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေး ပေါင်းလိုက်ခြင်း၊ တမန်းနှိုးခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပက်ခြင်း သရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ မိုးစပါးစိုက် တောင်သူများအတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် သည် တောင်ငူမြို့   ထီးလှိုင်ပန်းခြံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  Landscaping Design အတိုင်း အပိုင်းလိုက် စနစ်တကျဆောင်ရွက်ရန်၊ အများပြည်သူ ကျန်းမာရေးအတွက် လမ်းလျှောက်နိုင်သည့် လျှောက်လမ်းများ၊ ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ရန်ပစ္စည်းများနှင့်  ကလေးကစားကွင်းများ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း  သိရသည်။