ကျွန်းစုမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
ကျွန်းစု ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက် နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရေပြင်အသက်ကယ်ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇွန်လ ၁၈ ရက်တွင် အမှတ် (၁) ရပ်ကွက် မြို့အဝင်ဆိပ်ခံ တံတား၌ ဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲ မှုအဖွဲ့ဥက္ကဋ္ဌမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးတင်ထွန်းနိုင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဇာတ်တိုက်လေ့ကျင့် သရုပ်ပြရာတွင် ရှေးဦးစွာ မြို့အဝင် ဆိပ်ခံတံတားရှေ့ ရေပြင်အတွင်း စက်လှေတစ်စင်း တိမ်းမှောက်နေကြောင်း ပြည်သူတစ်ဦးက သတင်းပေးပို့သည်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးတင်ထွန်းနိုင် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် မိတ်ဖက်အဖွဲ့အစည်းများအား အကြောင်းကြားပြီးရှာဖွေကယ်ဆယ်ရေး ရေယာဉ်များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ရေနစ်မြုပ်နေသူများအား ရှာဖွေကယ်ဆယ်၍ အသက် ကယ်လှေများပေါ်၌ ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပြီး ကမ်းနားသို့ သယ်ဆောင်လာကြသည်။
ထို့နောက် ဆိပ်ခံတံတားပေါ်၌ လူနာများအား မြေပြင်အသက်ကယ်အဖွဲ့မှ လက်ခံရယူပြီး ရှေးဦးပြုစုခြင်းကို ဆက်လက်ဆောင်ရွက်ကာ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်းများ ဆောင်ရွက်ကြသည်။ အဆိုပါ ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး ရေယာဉ်များ၊ လူနာတင်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး တို့ဖြင့် ဇာတ်တိုက်လေ့ကျင့် ခဲ့ကြကြောင်း သိရသည်။