မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၃ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်လှစ်
မောက်မယ် ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် ၂၃ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၈ ရက်တွင် မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း အန္တရာယ်မှ ကင်းဝေးစေရန်၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် မြို့နယ်အဆင့်မှ ခရိုင်/ ပြည်နယ်အဆင့်မှ မြန်မာ့လက်ရွေးစင် အဆင့်ဆင့်သို့ တက်လှမ်းနိုင်စေရန် ရည်ရွယ်ကျင်းပပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများ၊ အားကစားသမားများနှင့် ပရိသတ်များက နိုင်ငံတော်အလံကို အလေးပြုကြပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြကာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာန အသင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း အသင်းတို့ ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။