ဘာစီလိုနာအသင်းက လူငယ်တိုက်စစ် ကစားသမား နီကိုဝီလီယံကို ခေါ်ယူရန် သဘောတူညီမှု ရရှိထား
ဘာစီလိုနာ ဇွန် ၁၈
ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းနှင့် အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် လူငယ် တိုက်စစ်ကစားသမား နီကိုဝီလီယံကို ကာလရှည် စာချုပ်တစ်ရပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် နီကိုဝီလီယံသည် ဘီလ် ဘာအိုအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ဘီလ်ဘာအို အသင်းနှင့်အတူ စတင်ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ယခုဘောလုံး ရာသီတွင်လည်း ဘီလ်ဘာအိုအသင်း နှင့်အတူ ပြိုင်ပွဲစုံ ၄၅ ပွဲကစားခဲ့ရာ ၁၁ ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်နိုင်ခဲ့သည့် အပြင် စပိန်အသင်းတွင်လည်း ဘာစီလိုနာအသင်းမှ စပိန် အသင်းဖော် ယာမယ်နှင့် အကောင်းဆုံးတွဲဖက်ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်သည်။
နီကိုဝီလီယံကို ၂၀၂၄ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလကတည်းက ဥရောပထိပ်တန်း အသင်းကြီးများက ခေါ်ယူရန် အကြိမ်ကြိမ် ကမ်းလှမ်း မှုများ လုပ်ဆောင်ခဲ့ကြသော်လည်း နီကိုဝီလီယံကိုယ်တိုင်က အသင်းတွင် တစ်ရာသီ ဆက်လက်ကစားရန် ဆုံးဖြတ်ပြီးနောက် ယခုဘောလုံး ရာသီကုန်အထိ အသင်းတွင် ဆက်လက် ကစားခဲ့ခြင်းဖြစ်သည်။
လက်ရှိကစားသမားအပြောင်းအရွှေ့ ကာလတွင်လည်း နီကိုဝီလီယံသည် အာဆင်နယ်အသင်း၊ ဘိုင်ယန်မြူးနစ်အသင်းတို့နှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အပြောင်းအရွှေ့ ဖြစ်မြောက်ခြင်းမရှိဘဲ နီကိုဝီလီယံ ကိုယ်တိုင်က စပိန်အသင်းဖော် ယာမယ်ရှိနေသည့် ဘာစီလိုနာ အသင်းသို့သာ ပြောင်းရွှေ့ကစား လိုနေခြင်းဖြစ် သည်။
ဘီလ်ဘာအိုအသင်းနှင့် နီကိုဝီလီယံတို့၏ စာချုပ်ဖျက်သိမ်းကြေးမှာ ယူရို သန်း ၆၀ ရှိပြီး ဘာစီလိုနာ အသင်းအတွက် အဆိုပါတန်ကြေးမှာ ခက်ခဲနိုင်သည့် အခြေအနေ မဟုတ်သည့်အတွက် စာချုပ်ဖျက်သိမ်း ကြေးပေး၍ ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းက နီကိုဝီလီယံကို ကာလရှည် စာချုပ်တစ်ရပ်ဖြစ်သည့် ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။