နိုင်ငံတော်နှင့်ပြည်သူများက အမှန်တကယ်အားထားရသော အင်ဂျင်နီယာ လူငယ်ကောင်းများ ဖြစ်စေရေး ရည်မှန်းလျက် ကြိုးပမ်း ဆောင်ရွက်

 

 

နိုင်ငံတော်နှင့်ပြည်သူများက အမှန်တကယ်အားထားရသော အင်ဂျင်နီယာ လူငယ်ကောင်းများ ဖြစ်စေရေး ရည်မှန်းလျက်  ကြိုးပမ်း ဆောင်ရွက်

 

နေပြည်တော်   ဇွန်   ၂၂

      သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ်(မိတ္ထီလာ)သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်၍  ပြုပြင်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လမ်းညွှန်ချက်များအတိုင်း ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက်   ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့်   ပင်မသုံးထပ်စာသင်ဆောင် အပါအဝင် အဆောက်အအုံများ   ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော်လည်း ငလျင်ကြီးဒဏ်မခံရသော အဆောက်အအုံများနှင့် သာမန်အသေးစား ထိခိုက်မှုဖြစ်ပေါ်ခဲ့သော အဆောက်အအုံများတွင် Academic Calendar အတိုင်း သင်တန်းများကို   ဖွင့်လှစ်နေမှုများနှင့် ကျောင်းသားများ ပုံမှန်အတိုင်း တက်‌ရောက်နေမှု၊  လက်တွေ့လုပ်ငန်းများ လေ့ကျင့် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသားများကို တွေ့ဆုံနှုတ်ဆက်ကာ   လိုအပ်ချက်တင်ပြမှုများအပေါ်   ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်နှင့် ပြည်သူများက အမှန်တကယ် အားထားရသော အင်ဂျင်နီယာလူငယ်ကောင်းများ ဖြစ်စေရေး  ရည်မှန်းလျက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသတွင်း စီးပွားရေးဇုန်နှင့် MSME  များဖွံ့ဖြိုးရေး လိုအပ်ချက်နှင့်ကိုက်ညီသော    ခေတ်မီနည်းပညာများကို ဖြည့်ဆည်းအသုံးချနိုင်ရေးအတွက်  လက်တွေ့ကျသော သုတေသနများကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားကာ ဒုတိယဝန်ကြီးက ပင်မစာသင်ဆောင်ရှိ   သင်တန်းများတွင် Academic Calendar အတိုင်း သင်တန်းများကို ဖွင့်လှစ်နေမှုများနှင့် ကျောင်းသားများ ပုံမှန်အတိုင်းတက်‌ရောက်၍ စက်ခန်းများအသီးသီး၌   ကွန်ပျူတာများဖြင့် လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ   တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာ အရွေ့နှုန်းတို့နှင့်အတူ လိုက်ပါနိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံ၍ ထူးချွန်ထက်မြက်သော နိုင်ငံ့အကျိုးပြု စွမ်းရည်မြင့် IT လူငယ်ပညာရှင်များဖြစ်စေရေး  အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။