ရာသီတုပ်ကွေးရောဂါနှင့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများ

ရာသီတုပ်ကွေးရောဂါနှင့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများ

ဆောင်းပါးရှင် -  ပေါက်ပေါက်

ရာသီတုပ်ကွေးရောဂါ  (Seasonal Flu)  သည်   တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး (Influenza) ကြောင့်ဖြစ် ပွားပြီး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်သည်။ ထိုဗိုင်းရပ်စ်သည် မိုးဦးရာသီ၊ ဆောင်းဦး ရာသီ နှင့် အေးသောရာသီဥတုတွင် ပေါက်ပွားပြန့်ပွားနှုန်းများသည်။ ထို့ကြောင့် ပတ်၀န်းကျင်ပြင်ပနှင့် ထိတွေ့ဆက်ဆံမှုများလျှင် ကူးစက်ရန်လွယ်ကူပြီး အကယ်၍ ကိုယ်ခံအားမကောင်းပါက အလွယ်တကူ  ကူးစက်ခံရနိုင် သည်။

မိမိကြောင့် အများကိုကူးစက်နိုင်

ကမ္ဘာပေါ်၌ ပျံ့နှံ့ကူးစက်မှုအမြန်ဆုံးနှင့် အဖြစ်အများဆုံးသောရောဂါ များတွင် ရာသီတုပ်ကွေးရောဂါ (Seasonal Flu) လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ လူတစ်ဦးသည် မိုးဦးရာသီ သို့မဟုတ် ဆောင်းဦးရာသီတွင် ပျမ်းမျှအားဖြင့် အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် တုပ်ကွေးရောဂါဖြစ် တတ်သည်။ အအေးမိတုပ်ကွေးဖြစ်နေသူတစ်ယောက်သည် တစ်သျှူး အုပ်၍ နှာချေ၊ ချောင်းဆိုးသင့်ပြီး ထိုတစ်သျှူးကို အမှိုက်ပုံးထဲသို့  စနစ် တကျစွန့်ပစ်သင့်သည်။ လက်ကိုင်ပဝါဖြင့်အုပ်၍ နှာချေ၊ ချောင်းဆိုးသော အခါ ဗိုင်းရပ်စ်ပိုးက ထိုလက်ကိုင်ပဝါထဲတွင် နှစ်နာရီ သုံးနာရီကြာသည် အထိ  အသက်ရှင်နိုင်သည်။  အကယ်၍  လူအများကြားထဲ   နှာချေ၊ ချောင်းဆိုးပါက  တုပ်ကွေးဗိုင်းရပ်စ်ပိုးများ  တစ်ပေ  နှစ်ပေခန့်အထိ ပျံ့နှံ့သွားပြီး   ထိုအချိန်တွင်  ပတ်၀န်းကျင်မှ   ကိုယ်ခံအားနည်းသူထံ ထိုဗိုင်းရပ်စ်ပိုးများ အလွယ်တကူ ကူးစက်နိုင်သည်။

ရောဂါလက္ခဏာများ

ဖျားခြင်း၊ နှာချေခြင်း၊  လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည် ယိုခြင်း၊  ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊  အစားအသောက် ပျက်ခြင်း စသည်တို့သည် ရာသီတုပ်ကွေးရောဂါလက္ခဏာများဖြစ်သည်။ ရံဖန်ရံခါ အဖျား၀င်လာပြီး သလိပ်များပျစ်ခဲလာခြင်း၊ ချွဲသလိပ်များဝါလာခြင်းဖြစ်နိုင်သည်။ ထိုအခြေအနေမျိုးတွင် ပိုးသတ်ဆေးသောက်မှ ရောဂါပျောက်နိုင်သည်။ လူအများစုက အိမ်မှာပင် သာမန်အကိုက်အခဲ ပျောက်ဆေးသောက်၍    ရောဂါကို   လက်ပူတိုက်ကုစားတတ်ကြ သော်လည်း  တော်တော်နှင့်မပျောက်နိုင်ဘဲ ရောဂါပြင်းမှသာ  ဆေးရုံ၊ ဆေးခန်းသို့ ရောက်လာတတ်ကြသည်။  အခန့်မသင့်ပါက အသက်ဆုံးရှုံး ရနိုင်သည့် သာဓကများတွေ့ရသည်။ အမှန်စင်စစ် တုပ်ကွေးရောဂါသည် သာမန်အအေးမိရောဂါထက်  ပိုမိုပြင်းထန်၍ အဖျားကြီးကာ  အဖျား တာရှည်စေသည်။ ပျမ်းမျှ အသက်ခြောက်လနှင့်အထက်မှစ၍ ဖြစ်နိုင် သည်။ ထို့ကြောင့် ကာကွယ်ဆေးကြိုတင်ထိုးနှံထားသင့်သည်။

လူကြီး၊ လူငယ်မရွေးဖြစ်နိုင်ပြီး  အကယ်၍   အဆုတ်ရောင်ရောဂါ၊ နားပြည်ယို၊  ထိပ်ကပ်နာနှင့်  ရေဓာတ်ခန်းခြောက်ရောဂါအခံရှိသူများ ရာသီတုပ်ကွေးဖြစ်လာပါက အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ ကူးစက် လွယ်ရောဂါတစ်မျိုးဖြစ်သဖြင့် လူနာကိုထိတွေ့ကိုင်တွယ်ခြင်း၊ တံတွေး နှင့် သလိပ်ကိုထိတွေ့မိခြင်း၊ လူနာက နှာချေ၊ ချောင်းဆိုး၊ စကားပြောစဉ် ဗိုင်းရပ်စ်ပါလာသောလေများကို ရှူရှိုက်မိရာမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သဖြင့် သတိနှင့်ယှဉ်၍ကာကွယ်ခြင်းဖြင့် လက်ဦးမှုကို အရ ယူရပါမည်။ အထူးသဖြင့် ရာသီတုပ်ကွေးရောဂါကို ပြင်းထန်စွာခံစားရ နိုင်သည့် ကိုယ်၀န်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အို များ၊   နာတာရှည်ရောဂါအခံရှိသူများနှင့်  ရောဂါကူးစက်မှုခံရနိုင်ခြေ များပြားသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် နှစ်စဉ် ရာသီတုပ်ကွေး ရောဂါကာကွယ်ဆေးထိုးနှံမှုကို ခံယူထားသင့်သည်။

ဆောင်ရန် ရှောင်ရန်နည်းလမ်းများ

ကိုယ်ခံအားကောင်းသူ၊ ကြိုတင်ကာကွယ်ဆေးများဖြင့် လက်ဦးမှု အရယူနိုင်သူများမှာရာသီတုပ်ကွေးဖျားနာခြင်းကြောင့်အသက် အန္တရာယ်မစိုးရိမ်ရသော်ငြား အဖျားပျောက်ပြီးချောင်းတဟွတ်ဟွတ်စွဲကျန်ရစ်ခဲ့ကာမိသားစု၀င်များနှင့်ပတ်၀န်းကျင်ရှိသူများကိုလက်ဆင့်ကမ်းမကူးစက်ရလေအောင် အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် အသိပေးလိုပါသည်။

- အစိမ်းရောင်၊အဝါရောင်အသီးအနှံများများစားပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များစားပေးခြင်းက ကိုယ်ခံစွမ်းအားတိုးတက် မြင့်မားစေသည်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်းတွင်ပါရှိသော ဓာတု ဓာတ်ပေါင်းစုက အအေးမိ၍ တုပ်ကွေးနှင့် ကူးစက်ဖျားနာများကို ကောင်းစွာတိုက်ထုတ်ပေးနိုင်သည်။ ထို့ကြောင့် ပန်းဂေါ်ဖီစိမ်း ထဲကို ချင်းဓားပြားရိုက်၍  ရောနှောကြော်စားရန်  Cambridge တက္ကသိုလ်ရှိ အာဟာရဗေဒပညာရှင်များက အကြံပြုထားကြ သည်။ ထိုနည်းတူစွာပင် အဝါရောင်သီးနှံများဖြစ်ကြသော လိမ္မော် သီးနှင့် သံပရာသီးတို့ကို ဖျော်ရည်အဖြစ်လည်းကောင်း၊ လိမ္မော် ခွံ  သို့မဟုတ် သံပရာခွံကို ရေနွေးစိမ်၍လည်းကောင်း သောက် သုံးခြင်းဖြင့် တုပ်ကွေးဖျားနာခြင်းမှ ကြိုတင်ကာကွယ်ရာရောက် သည်။

-အားဆေးမှီဝဲပါ။ ဗီတာမင်-C က ကိုယ်ခံအားကိုမြင့်တက်စေ၍ ဗီတာမင်-D က အအေးမိခြင်းမှ ကာကွယ်ပေးနိုင်သည်။ အအေးမိ တုပ်ကွေးဖျားနာအတွက် ဗီတာမင်-C တစ်ခုတည်းမလုံလောက် နိုင်ပေ။ ဗီတာမင်-D အပါအ၀င် တခြားဗီတာမင်နှင့် သတ္တုဓာတ် တို့ပါ၀င်သော  အစားအသောက်တို့ကို  မျှတစွာစားပေးရမည်။ မိမိတို့ နေ့စဉ်စားသောက်နေသောအစားအစာများတွင် ယင်းဓာတ် များ  တစ်ပြိုင်တည်း  လုံလောက်စွာမရနိုင်သဖြင့်  ဖြည့်စွက်စာ အဖြစ် အားဆေးမှီဝဲပေးရန်လိုအပ်ပါသည်။

-အိပ်ရေး၀၀အိပ်ပါ။   တစ်ရက်လျှင်  ပျမ်းမျှ   ရှစ်နာရီ၀န်းကျင် အိပ်ရေး၀၀အိပ်စက်ခြင်းက  သွေးတိုးရောဂါနှင့်  အ၀လွန်ခြင်းကို ကာကွယ်ပေးရုံသာမက အအေးမိနှာစေးကဲ့သို့ အသက်ရှူလမ်း ကြောင်းမှတစ်ဆင့်ဝင်ရောက်လာသော   ကူးစက်ရောဂါပိုးများကို လည်း တိုက်ထုတ်ပေးနိုင်သည်။ ထို့ပြင် အိပ်စက်မှုကြာမြင့်ချိန် ခြောက်နာရီ၀န်းကျင် အိပ်စက်သူများကို  ရှစ်နာရီ၀န်းကျင် အိပ် စက်သူများနှင့်နှိုင်းယှဉ်ပါက အိပ်ချိန်နည်းသူများမှာ အအေးမိကူးစက်ရောဂါဖြစ်နိုင်ခြေအလားအလာ      သုံးဆမျှပိုကြောင်း အမေရိကန်ဆေးသုတေသီများက အကြံပြုထားကြသည်။

- ပဋိဇီ၀ဆေးဆောင်ထားပါ။ ချမ်းအေးသောရာသီတွင် ကိုယ်ခံအား နည်းသောကလေးများနှင့် သက်ကြီးရွယ်အိုများမှာ ဗိုင်းရပ်စ်ပိုး ကူးစက်လွယ်သဖြင့် အအေးမိတုပ်ကွေးဖျားနာပျောက်ဆေးများကို   အိမ်တွင်   အဆင်သင့်ဆောင်ထားသင့်သည်။    လိုအပ်ပါက အသက်ရှူလမ်းကြောင်းမှ ဝင်ရောက်လာသည့် ကူးစက်ပိုးများကို ၂၀ ရာခိုင်နှုန်းမျှ ကာကွယ်ပေးသည့် Actimel (ခေါ်)  ပဋိဇီ၀ဆေး  ကြိုတင်တိုက်ကျွေးပေးပါ။

-နံနက်စာစားပါ။ နံနက်စာပုံမှန်စားသူများသည် နံနက်စာလုံး၀ မစားသူများထက်  အအေးမိကူးစက်‌ရောဂါဖြစ်နိုင်ခြေ နည်းပါး ကြောင်း  Cardiff  University  ဟုအမည်ရသော  အမေရိကန်ဆေးတက္ကသိုလ်မှ  အကြံပြုထားသည်။  အထူးသဖြင့် ကိုယ်ခံအား ကောင်းစေရန် နံနက်စာထဲတွင် ဗီတာမင်-B အုပ်စုများ၊ သံဓာတ် နှင့်  ဇင့်ဓာတ်ပါရှိသောအစားအစာများကိုစားပေးကြရန်  ဆေး သုတေသီများက ထပ်လောင်းအတည်ပြုထားသည်။

-လက်ဆေးပါ။ ဆေးသိပ္ပံပညာရှင်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များ အရ အအေးမိဗိုင်းရပ်စ်ပိုးရှိသူကိုင်တွယ်ထားသော တံခါးလက် ကိုင်များပေါ်တွင်  ကျန်ရှိခဲ့သည့်  ဗိုင်းရပ်စ်ပိုးများသည်  ၂၄ နာရီ ကျော်သည်အထိ  အသက်ရှင်နိုင်ကြောင်း သိရသည်။  ထို့ကြောင့် အများသုံးတံခါးလက်ကိုင်များ၊  အရောင်းစင်တာများရှိ  ပစ္စည်း ထည့်သည့်တွန်းလှည်းများ၊ လက်ရန်းများ၊ ဓာတ်လှေကားခလုတ် များကို တစ်ခါသုံးတစ်သျှူးဖြင့် ကိုင်တွယ်ပါ။ ယင်းတို့ကို  ကိုင် တွယ်ပြီးနောက် မျက်လုံး၊ နှာခေါင်းများကို မတို့ထိဘဲ ဆပ်ပြာ သုံး၍ လက်ကိုစင်စင်ဆေးကြောပါ။

-အအေးမိဝေဒနာခံစားရသူ၏ လက်၊ ခံတွင်း၊ နှာရည်တို့မှ ကူးစက် ပြန့်ပွားစေနိုင်သဖြင့်   ရောဂါရှိသူ၏လက်နှင့်   တခြားအသုံး အဆောင်ပစ္စည်းများကို  မကိုင်တွယ်၊ မထိမိပါစေနှင့်။  နှာချေ၊ ချောင်းဆိုးသောအခါတွင်လည်း  ကျန်းမာရေးအသိဖြင့်  လက် သို့မဟုတ်  လက်ကိုင်ပဝါ  သို့မဟုတ်  တစ်ခါသုံးတစ်သျှူးအုပ်ပါ။ ကလေးငယ်များကို ဖက်ယမ်းနမ်းရှုပ်ခြင်းမပြုရ။

-ရေသောက်မပျင်းပါနှင့်။ခန္ဓာကိုယ်အတွက်   ရေဓာတ်အလုံ အလောက်ရရှိမှသာ  စားထားသမျှအာဟာရများကို စုပ်ယူနိုင်ပြီး   ခွန်အားအဖြစ်  ပြောင်းလဲပေးရုံသာမက ခန္ဓာကိုယ်တွင်းမသန့်စင်သောအညစ်အကြေးများကို  ချွေး၊  သွေး၊  သလိပ်၊  ဆီး၊  ၀မ်း အဖြစ် ကူညီစွန့်ထုတ်ပေးသည်။ မိမိခန္ဓာကိုယ်တွင် ဓာတ်ကြီး လေးပါးညီညွတ်မျှတနေပါက  ကိုယ်ခံအားကောင်းကာ   ပြင်ပမှ ကူးစက်ရောဂါများလည်း အလွယ်တကူ ၀င်မလာနိုင်တော့ပေ။

-လမ်းမှန်မှန်လျှောက်ပါ။  တစ်ရက်လျှင်   အနည်းဆုံးနာရီ၀က်ခန့်  လမ်းမှန်မှန်လျှောက်ခြင်းက  ဇီ၀ကမ္မလုပ်ဆောင်ချက်ကို ကောင်းကျိုးပြုပြီး ပြင်ပရောဂါများကိုလည်း တိုက်ထုတ်ပေးနိုင် သည်။

-အကောင်းမြင်စိတ်မွေးမြူပါ။ ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ်ရှိ ခြင်း၊ စိတ်ဖိစီးမှုများခြင်း စသည့် စိတ်ပိုင်းဆိုင်ရာအတက်အကျ ကြောင့် cortisol ဟော်မုန်းထွက်ရှိလာသည်။ ထိုအခါ ဟော်မုန်း များညီညွတ်မျှတမှုကိုပျက်စီးစေပြီး     ကိုယ်ခံစွမ်းအားကျဆင်း လာခြင်းကြောင့် အအေးမိလွယ်စေပါသည်။

-ဆေးလိပ်ရှောင်ပါ။ ဆေးလိပ်သောက်ခြင်းက နှာခေါင်းနှင့် အဆုတ် အတွင်းရှိ ရောဂါကာကွယ်ပေးနိုင်သောအမြှေးပါးလေးများကိုထိခိုက်ပျက်စီးစေနိုင်သည်။ ထို့ကြောင့် တုပ်ကွေးဖြစ်စေသောဗိုင်းရပ်စ်ပိုးများကို  ရှူရှိုက်မိသောအခါ  ပျက်စီးပြီးဖြစ်နေသော ထိုအမြှေးပါးလေးက မည်သို့မျှ ခုခံကာကွယ်မပေးနိုင်တော့ပေ။

-စိုထိုင်းမှုမှကာကွယ်ပါ။ စိုစွတ်နေသောဧရိယာတွင် ရောဂါဖြစ်စေ သော မှိုပိုးမွှားများရှင်သန်ပေါက်ပွားလွယ်ကြသည်။ထို့ကြောင့် မိမိအိမ်နှင့်ပတ်၀န်းကျင်ကို စိုစွတ်ထိုင်းမှိုင်းမှုမဖြစ်အောင်၊ လေ ၀င်လေထွက်ကောင်းအောင်၊   အလင်းရောင်၀င်အောင်၊   မှိုနံ့ပျောက်အောင် အထူးဂရုပြုပေးသင့်သည်။

-မိုးဦးကာလနှင့် ဆောင်းဦးကာလတို့တွင် အအေးပိုတတ်သည်။ ထို့ကြောင့်  လက်မောင်းနှင့် ခြေသလုံးအောက်ပိုင်းတို့   အအေး မပတ်အောင် အနွေးထည်ပါးပါး၀တ်အိပ်ပါ သို့မဟုတ် စောင်ပါးပါး ခြုံအိပ်ပါ။

လူအများက ဖျားနာသည့်အခါ ကိုဗစ်-၁၉ ရောဂါလား၊ ရာသီတုပ်ကွေး လား ဝေခွဲမရ အတွေးမှားတတ်ကြရာ ကွဲကွဲပြားပြားသိစေရန် ထိုရောဂါ နှစ်မျိုး၏   ထင်သာမြင်သာလက္ခဏာတချို့ကို  အကြံပြုလိုပါသည်။ ကိုဗစ်-၁၉ ရောဂါသည်  လည်ချောင်းနာခြင်း၊  ချမ်းတုန်ခြင်း၊  မျက်စိနီ ခြင်း၊  အသက်ရှူကျပ်ခြင်း  စသည်တို့ဖြစ်စေပြီး  အဖျား  ၁၀၀  ဒီဂရီပတ်၀န်းကျင်ရှိသည်။ ရာသီတုပ်ကွေးသည် ခေါင်းကိုက်ခြင်း၊ နှာရည်ယို ခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ကိုယ်လုံးအဆစ်အမျက်ကိုက်ခဲခြင်း စသည် တို့ဖြစ်စေပြီး ကိုယ်အပူချိန်မှာ ၁၀၁၊ ၁၀၂ ဒီဂရီအထိ အဖျားကြီးသည်။ သွေးစစ်ကြည့်ရာ  သွေးထဲတွင်  ဗိုင်းရပ်စ်ဝင်သောလက္ခဏာမျိုးတွေ့ရ သော်လည်း အဆုတ်ထိခိုက်နှုန်းမရှိပေ။ ကိုယ်ခံအားကောင်းလျှင် ပျမ်းမျှ သုံးရက်နှင့် ငါးရက်ကြား ရောဂါပျောက်ကင်းနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ရာသီတုပ်ကွေးရောဂါသည် ကိုဗစ်-၁၉ ရောဂါ ကဲ့သို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော်လည်း ရာသီ တုပ်ကွေးရောဂါကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားခြင်းဖြင့် ရောဂါ ဖြစ်နိုင်ခြေအလားအလာလျော့ကျစေပါမည်။ ထို့ပြင် ကိုယ်ခံအားကောင်း အောင် အထက်ဖော်ပြပါနည်းလမ်းကောင်းများအတိုင်း  စားသောက် နေထိုင်ရင်း အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့လာသော Influenza တုပ်ကွေးဗိုင်းရပ်စ်များကိုလည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်း ချက်များအတိုင်း  Mask  တပ်ခြင်း၊  လက်ကို   မကြာခဏဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောခြင်း၊  လူစုလူဝေးရှောင်ခြင်းနည်းများဖြင့် သတိရှိစေလိုသည်။ အထူးသတိပေးလိုသည်မှာ ရာသီတုပ်ကွေးဖြစ်ပွား လေ့ရှိသော ယခုကာလတွင်  အအေးမိပါက ကိုယ်ခံအားကျစေပါသည်။  ထို့ကြောင့် နွေးနွေးထွေးထွေးနေပါ၊ အအေးမခံပါနှင့်၊   တိုက်ရိုက်လေ ထိတွေ့ရာနေရာ၌  မနေပါနှင့်၊  ထိုနေရာတွင် မအိပ်ပါနှင့်။   သတိဖြင့် ရေချိုးပါ။  ညအိပ်လျှင်  နွေးနွေးထွေးထွေးအိပ်ပါ။   လူသားအားလုံး ကျန်းမာချမ်းသာ၍ ဘယာကင်းဝေးကြပါစေ။