ကျောင်းသား၊ ကျောင်းသူများအား အမှန်တကယ် တတ်မြောက်အောင် စေတနာထား သင်ကြားပေးစေလို
နေပြည်တော် ဇွန် ၂၃
ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ် များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများအား တွေ့ဆုံအမှာစကား ပြောကြားခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အထိ အောင်မြင်စွာကျင်းပ ပြီးစီးအောင် ဝိုင်းဝန်းကူညီတာဝန် ထမ်းဆောင်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများကို ဖွင့်လှစ်ခဲ့သည်မှာ သုံးပတ်ရှိပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအား အမှန်တကယ်တတ်မြောက်အောင် စေတနာထား သင်ကြားပေးစေလိုကြောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် ဆရာ၊ ဆရာမများခန့်ထားခြင်း၊ ကျောင်းလခ ကောက်ခံခြင်းများကို ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်ရေးအထူးကြပ်မတ် ဆောင်ရွက်ရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့က ပညာရေးဝန်ကြီးဌာနမှ အကောင်အထည် ဖော်နေသော လုပ်ငန်းများ အောင်မြင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် တက်ရောက်လာသူများက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
