၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ စနစ်တကျ သိမ်းဆည်း၍ သက်ဆိုင်ရာ စာစစ်ဌာနသို့ စနစ်တကျ ကြပ်မတ်ပို့ဆောင်
မန္တလေး ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျ သိမ်းဆည်း၍ သက်ဆိုင်ရာ စာစစ်ဌာနသို့ ပို့ဆောင်ပေးနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို သက်ဆိုင်ရာစာစစ်ဌာနသို့ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ပို့ဆောင်မှုအား စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမရပူရမြို့နယ်၌ မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်မင်းကြီးမြတ်စွာဘုရား ဆင်းတုတော်ကြီး၊ ဘုရားပရဝဏ်အတွင်းရှိ ဆင်းတုတော်များနှင့် သာသနိက အဆောက်အအုံများကို လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လှူဒါန်းသည့် ဘိလပ်မြေအိတ် ၅၀၀ ကို ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လှူဒါန်းပေးအပ်သည်။
ထို့နောက် တောင်လေးလုံးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်၍ ဩဝါဒများခံယူကာ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တောင်သမန် မယ်ဇယ်လွင်ပြင်ရှိ ဈေးဆိုင်ခန်းများ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများနှင့် တောင်သမန်အင်း ဝန်းကျင်နေရာများသို့ လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီးဝန်းကျင်နှင့်
ကန်ပတ်လမ်း နေရာများသို့ လည်းကောင်း သွားရောက်၍ အစဉ်အမြဲ သန့်ရှင်းသာယာလှပရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား ခဲ့ကြောင်း သိရသည်။
