နေပြည်တော် သြဂုတ် ၁၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးတွေ့လူနာသစ် တစ်ဦးထပ်တိုးကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်များအရ (၁၆-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL)မှ ဒုတိယအသုတ် စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၇ ခုနှင့် ရန်ကုန်မြို့အမှတ်(၁)တပ်မတော်ဆေးရုံ ကြီး ခုတင်-၁၀၀၀ မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၅၂ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၃၃၉ ခု၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိပါ။
(၁၇-၈-၂၀၂၀)ရက် နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၇၅ ဦးရှိသည်။
(၁၆-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL)မှ ပထမ+ဒုတိယအသုတ်ဓာတ်ခွဲ နမူနာ ၅၆၁ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၁၅ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay)မှ ဓာတ်ခွဲနမူနာ ၁၄၅ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၅၂ ခု စုစုပေါင်း ၉၇၃ ခုအား စစ်ဆေးခဲ့သည်။
(၁၇-၈-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၃၇၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၀၂ ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay)မှ ဓာတ်ခွဲနမူနာ ၇၈ ခု စုစုပေါင်း ၆၅၆ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်တစ်ဦး တွေ့ရှိရသည်။
(၁၇-၈-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၇၆ ဦးရှိသည်။
ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ ရှိသူနှစ်ဦး(Case-337 နှင့် 356 )ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၁ ဦးရှိသည်။ ၎င်းတို့အနက် ၃၂၁ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။
(၁၆-၈-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီ မှ (၁၇-၈-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိသည်။
ယမန်နေ့ကတွေ့ရှိခဲ့သော COVID- 19 ဓာတ်ခွဲအတည်ပြုလူနာအမှတ်(Case-375)နှင့် ထိတွေ့မှုရှိခဲ့သူ စစ်တွေမြို့မှ ၅၁ ဦးနှင့် ကျောက်ဖြူမြို့မှ ၃၃ ဦး စုစုပေါင်း ၈၄ ဦးထံမှ ဓာတ်ခွဲနမူနာများ ရယူခြင်းကို ယနေ့တွင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဓာတ်ခွဲနမူနာများသည် ယနေ့ည ၆ နာရီခန့်တွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ဓာတ်ခွဲနမူနာများကို ယခုလက်ရှိတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။