ဆိုးမြို့၌ ဗိုင်းရပ်ကူးစက်မှု အများဆုံး တွေ့ရသည့် ဘုရားရှိခိုးကျောင်းမှ အသင်းဝင်များကို သီးသန့်ခွဲထား

တောင်ကိုရီးယားနိုင်ငံ၌ ဘာသာရေး အဖွဲ့အစည်းများနှင့် ဆက်နွှယ်သည့် လူအစုလိုက်အပြုံလိုက် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုဖြစ်ပွားနေစဉ် ဆိုးမြို့ရှိ ဗိုင်းရပ်ကူးစက်မှု အများဆုံးတွေ့ရသည့်  ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ အသင်းဝင် ထောင်ပေါင်းများစွာကို သီးသန့်ခွဲထားကြောင်း အာဏာပိုင်များက သြဂုတ် ၁၇ ရက်တွင် ပြောသည်။

တောင်ကိုရီးယားအစိုးရသည် ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ရာတွင်  ခြေရာခံ၊ စစ်ဆေး၊ ကုသဆိုသည့် နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံများ၏ စံပြနိုင်ငံ ဖြစ်လာသည်။

သို့သော် ပြီးခဲ့သည့်သီတင်းပတ်တွင် နိုင်ငံအတွင်း၌ ဗိုင်းရပ်ကူးစက်မှု ပြန်လည်ဖြစ်ပွားပြီးနောက် ဆိုးမြို့နှင့် ဂျောင်ဂျီပြည်နယ်တို့၌   ဘာသာရေးပွဲများ အားလုံးကို တားမြစ်ထားပြီး ဒေသခံများ အနေဖြင့်လည်း မလိုအပ်ဘဲ ခရီးသွားခြင်း မပြုရန် အာဏာပိုင်များက တိုက်တွန်းထားသည်။

အဆိုပါ ဗိုင်းရပ်ကူးစက်မှုများအနက် အများဆုံးမှာ ဆိုးမြို့ရှိ ဆာရန်ဂျေးဘုရားရှိခိုးကျောင်းနှင့် ဆက်နွှယ်နေသည်။ သြဂုတ် ၁၇ ရက်တွင်  တစ်နိုင်ငံလုံး၌ ဗိုင်းရပ်ကူးစက်ခံရသူ ၁၉၇ ဦး ရှိသောကြောင့် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၅၅၁၅ ဦးအထိ မြင့်တက်လာသည်။

၎င်းင်းတို့အနက် ၃၁၅ ဦးမှာ ဆာရန်ဂျေးဘုရားရှိခိုးကျောင်းနှင့် ဆက်နွှယ်နေသူများ ဖြစ်သည်။ ထို့ပြင် ဘုရားရှိခိုးကျောင်းမှ အသင်းဝင်ခြောက်ဦးအနက် တစ်ဦးတွင် ဗိုင်းရပ်ကူးစက်မှု တွေ့ရှိသည့်အတွက် အသင်းဝင်ပေါင်း ၃၄၀၀ ဝန်းကျင်ကို သီးသန့်ခွဲနေရန် တာဝန်ရှိသူများက တိုက်တွန်းထားခြင်း ဖြစ်သည်။

သို့သော် ဘုရားရှိခိုးကျောင်းကပေးသည့် အသင်းဝင်များ စာရင်းသည်  တိကျမှုမရှိသည့်အတွက်  ဗိုင်းရပ်စစ်ဆေးမှုနှင့် သီးသန့်ခွဲထားမှု လုပ်ငန်းစဉ်မှာ အလွန်ခက်ခဲမည်ဖြစ်ကြောင်း   တာဝန်ရှိသူများကပြောသည်။

Ref: The Straits Times