မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် မြန်မာသတင်းအချက်အလက် နည်းပညာ တက္ကသိုလ်တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကြည့်ရှုစစ်ဆေး

 

မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် မြန်မာသတင်းအချက်အလက် နည်းပညာ တက္ကသိုလ်တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇူလိုင်  ၂

     သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇွန်လ ၃၀ ရက်တွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ရှိ   ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍       မန္တလေးငလျင် လှုပ်ခတ်ပြီးသည့်နောက်ပိုင်း  အဆောက်အအုံများ ပြန်လည်ပြုပြင်မှုများ၊    ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှု အခြေအနေများ၊ စာသင်ခန်းများ၊ ဌာနခန်းများ၊ ကွန်ပျူတာခန်းများ စီစဉ်ထားရှိမှု အခြေအနေများကို ဒုတိယပါမောက္ခချုပ်က ရှင်းလင်းတင်ပြမှုအပေါ်သင်ကြားသင်ယူမှုများ စနစ်တကျရှိစေရေး၊ အမှန်တကယ် တတ်မြောက်သည်အထိ သင်ကြားနိုင်ရေး       ရေရှည်မျှော်မှန်းချက်ထား ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဌာနရုံးခန်းများ၊ စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ ရေ၊ မီးကိစ္စပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များကို  လှည့်လည် ကြည့်ရှုစစ်ဆေးပြီး    လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မန္တလေး)သို့ရောက်ရှိပြီး မန္တလေးငလျင်ကြောင့် တက္ကသိုလ်ရှိ အဆောက်အအုံများတွင် ထိခိုက်ပျက်စီးမှုများကြောင့်  အသစ်ဆောက်လုပ် ထားရှိသော စာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများ၊ ကွန်ပျူတာခန်းများ၊ စီမံဌာနခန်းများ ပြင်ဆင်ဆောင်ရွက်ရန် ထားရှိမှုများ၊ ဘောလုံးကွင်းနှင့် ဖူဆယ်ကွင်းများ ပြင်ဆင်ဖြည့်ဆည်း ပေးရန်များကို    လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဇူလိုင်လ ၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမြတ်ကျော်နှင့်အတူ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူနေမှုများ၊ Lab ခန်းများ၊ ကွန်ပျူတာခန်းများ၊ အလုပ်ရုံများ ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် မန္တလေးမြို့ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ သွားရောက်ကာ ကျောင်းသား၊ကျောင်းသူများ သင်ကြားသင်ယူ ဆောင်ရွက်နေမှု၊    ပင်မစာသင်ဆောင် ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နည်းပညာ တက္ကသိုလ်(မန္တလေး)သို့ သွားရောက်ကာ ကျောင်းသား၊     ကျောင်းသူများ ပညာသင်ကြားသင်ယူ   ဆောင်ရွက်နေမှုများ၊ ပင်မစာသင်ဆောင်  ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ မန္တလေး နည်းပညာ တက္ကသိုလ်သို့ရောက်ရှိရာ  ဒုတိယပါမောက္ခချုပ်က ကျောင်းဆိုင်ရာအချက်အလက် တင်ပြမှုများနှင့် ဗိသုကာဌာနမှူးက တက္ကသိုလ်ပင်မအဝင်လမ်း  ဒီဇိုင်းလျာထားပုံစံများ တင်ပြမှုများ အပေါ် တက္ကသိုလ်ဥပဓိရုပ်  ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပစေရေး၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ စနစ်တကျထားရှိနိုင်ရေးနှင့် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ၊ အခြေခံအဆောက်အဦများ ပြည့်စုံစေရေး မှာကြားသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနမှူး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်ချက် တင်ပြမှုများအပေါ် ဦးစီးဌာန၊ တက္ကသိုလ်များ၏  တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြောင်း   သိရသည်။