ကန်ဆီနိုကုမ္ပဏီ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရုရှားနိုင်ငံ၌ နောက်ဆုံးအဆင့် စမ်းသပ်မှုစတင်

တရုတ်နိုင်ငံရှိ   ကန်ဆီနိုကုမ္ပဏီက ဖော်စပ်ထုတ်လုပ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို   ရုရှားနိုင်ငံ၌ နောက်ဆုံး အဆင့်စမ်းသပ်မှု      စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ထိုကာကွယ်ဆေးသည်   တရားဝင်ထုတ်လုပ်ခွင့်ရရှိလုနီးပါး အခြေအနေဖြစ်ပြီး ပြည်ပ၌ စမ်းသပ်မှုအနေဖြင့် ရုရှားနိုင်ငံ၌ နောက်ဆုံးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်ခြင်း ဖြစ်သည်။

Ad5-2CoV ဟု အမည်ပေးထားသော အဆိုပါကာကွယ်ဆေးကို ကနဦးနှင့် ဒုတိယအဆင့်စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် တရုတ်စစ်ဘက်က အတည်ပြုထောက်ခံထားကာ နောက်ဆုံးအဆင့် စမ်းသပ်မှုများကို မက္ကဆီကိုနိုင်ငံနှင့်  ဆော်ဒီအာရေဗျ နိုင်ငံတို့တွင်လည်း ပြုလုပ်ရန် စီစဉ်ထားသည်။

ကန်ဆီနိုကုမ္ပဏီသည်  ကာကွယ်ဆေးထုတ်လုပ်ရန် တရုတ်အစိုးရထံမှ  မူပိုင်ခွင့်ရရှိထားပြီ ဖြစ်ကြောင်း   တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုက သြဂုတ် ၁၆ ရက်တွင် ဖော်ပြသည်။

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်မှာ  အနည်းငယ်သာရှိသဖြင့် ကာကွယ်ဆေးအတွက် နောက်ဆုံးအဆင့်စမ်းသပ်မှုကို  အထောက်အကူမပြုနိုင်သောကြောင့် ဗိုင်းရပ်ကူးစက်မှု များပြားရာ ပြည်ပနိုင်ငံများ၌ နောက်ဆုံးအဆင့်စမ်းသပ်မှုများ ပြုလုပ်ရခြင်း ဖြစ်သည်။ Ad5-2CoV  ကာကွယ်ဆေး၏  ထိရောက်မှု၊ စိတ်ချရမှု  စမ်းသပ်ရာတွင်  ရုရှားနိုင်ငံရှိ ဆေးပညာအဖွဲ့အစည်းရှစ်ခုမှ   စေတနာ့ဝန်ထမ်း ၆၂၅ ဦး ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။                  

                   Ref: CNA