ကမ္ဘာ့ကပ်ရောဂါအပေါ် စိုးရိမ်ပူပန်မှုတွေလျော့ကျစေမယ့် ထူးဆန်းတဲ့ကိုယ်ခံအားစနစ်

မိမိတို့သက်ရှိတွေအားလုံးရဲ့  ဇီဝကမ္မဖြစ်စဉ်တွေထဲမှာ ကိုယ်ခံအားစနစ်လည်း အပါအဝင်ဖြစ်ပါတယ်။   သူ့ရဲ့  အဓိက လုပ်ငန်းကတော့  ခန္ဓာကိုယ်ထဲဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ပါ။

ကိုယ်ခံအားစနစ်က    ရောဂါပိုးတွေ အားလုံးကို မမှတ်မိနိုင်ပေမယ့် မိမိတို့ ခန္ဓာကိုယ်မှာရှိတဲ့  ကလာပ်စည်းတွေကတော့ ကိုရိုနာဗိုင်းရပ်နဲ့ပတ်သက်ပြီး     မှတ်မိနိုင်စွမ်းရှိတယ်လို့ထင်ရပါတယ်။

ဘာကြောင့်လဲဆိုရင်   ရောဂါပိုးကို တိုက်ထုတ်တဲ့ ကိုယ်ခံအားစနစ်ကို လေ့လာနေတဲ့   သိပ္ပံပညာရှင်တွေက   ကြာရှည် တည်မြဲမှုရှိတဲ့ ကိုယ်ခံအားစနစ်ဖြစ်ပေါ်လာစေရေးအတွက် တိုက်တွန်းမှုလက္ခဏာရပ်တွေကို မြင်တွေ့နေရတယ်လို့ ဆိုလာတာကြောင့် ဖြစ်ပါတယ်။

ရောဂါကိုတိုက်ဖျက်နိုင်တဲ့  ပဋိပစ္စည်းတွေအပြင် ရောဂါပိုးကိုသိရှိ ခွဲခြားနိုင်စွမ်းရှိတဲ့ ဘီကလာပ်စည်း၊ တီကလာပ်စည်းလို့ခေါ်တဲ့  ကိုယ်ခံအား ကလာပ်စည်းတွေက လူ့ခန္ဓာကိုယ်မှာ ဗိုင်းရပ်ကူးစက်မှု ကင်းစင်ပြီးနောက်    လပေါင်းများစွာ ကြာတဲ့အထိ တည်ရှိနေတတ်ပါတယ်။

ဒီကလာပ်စည်းတွေဟာ သူတို့တိုက်ထုတ်လိုက်တဲ့ရောဂါပိုး အပြင် တခြားရောဂါပိုးတွေကိုပါ  တိုက်ထုတ်နိုင်စေဖို့အတွက် ခန္ဓာကိုယ်ရဲ့    ကိုယ်ခံအားတုံ့ပြန်မှုကို တွန်းအားပေးပြန်ပါတယ်။

ဒီလိုကိုယ်ခံအားတုံ့ပြန်မှုတွေက အချိန်ဘယ်လောက်ကြာတဲ့အထိ  လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေနိုင်မလဲဆိုတာကို   သုတေသီတွေက မခန့်မှန်းနိုင်သေးပေမယ့် ခန္ဓာကိုယ်မှာရှိတဲ့ ကလာပ်စည်းတွေအားလုံးက သူတို့အလုပ်ကို သူတို့လုပ်နေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရဖူးသူဟာ နောက်ထပ်ကူးစက်မှုကို မခံရစေဖို့အတွက် ကလာပ်စည်းတွေက ကောင်းစွာ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး    အကယ်၍ ဗိုင်းရပ်ကူးစက်ခံရပါကလည်း အရင်ထက်ပိုမြန်တဲ့နှုန်းနဲ့ ဗိုင်းရပ်ကို တိုက်ထုတ်နိုင်မှာပါ။

ကိုရိုနာဗိုင်းရပ်အပေါ် ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပဋိပစ္စည်းများအကြောင်းကို   ဦးစားပေး ပြောရပါလိမ့်မယ်။

အဲဒီပဋိပစ္စည်းတွေကတော့ ဝိုင်ပုံစံရှိတဲ့ ပရိုတင်းတွေဖြစ်ပြီး   သူတို့ဟာ  ရောဂါပိုးတွေရဲ့ မျက်နှာပြင်မှာ တွယ်ကပ်ခြင်းအားဖြင့် ရောဂါပိုးရဲ့ကူးစက်မှုကနေ ကလာပ်စည်းတွေကို ကာကွယ်ပေးလိုက်တာ ဖြစ်ပါတယ်။

တကယ်တမ်းတော့ ပဋိပစ္စည်းတွေ ဆိုတာက ရှုပ်ထွေးပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့အပြင် ရောဂါပိုးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့လည်း တိုက်ထုတ်တဲ့   ကိုယ်ခံအားစစ်သည်တော်တွေအတွက်   အားတစ်ခုမျှသာဖြစ်ပါတယ်။

ဥပမာအားဖြင့် ကလာပ်စည်းတွေထဲကို ရောက်သွားနှင့်ပြီဖြစ်တဲ့ ရောဂါပိုးတွေဆိုရင် ပဋိပစ္စည်းတွေက သူတို့ကို မတွယ်ကပ်နိုင်တော့ပါဘူး။

အဲဒီအခါမျိုးမှာ တီကလာပ်စည်းတွေက သူတို့အလုပ်ကို ဆက်လုပ်ပါတယ်။  သူတို့အလုပ်ကတော့ ရောဂါပိုးကပ်ငြိ ခံနေရတဲ့ ကလာပ်စည်းတွေကို    ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးဖို့ တွန်းအားပေးတာပါ။

နောက်ထပ်တီကလာပ်စည်းအစုတွေကတော့  ကိုယ်ခံအားဖန်တီးရေး လုပ်ငန်းစဉ်ထဲမှာ   ဘီကလာပ်စည်းတွေ ပါဝင်လာ စေဖို့ တိုက်တွန်းအားပေးစည်းရုံးပါတယ်။

ကိုယ်ခံအားစနစ်ရဲ့ တခြားအပိုင်းကလည်း ဗိုင်းရပ်က ခန္ဓာကိုယ်ထဲဝင်ပြီး မိနစ်အနည်းငယ်အတွင်းမှာ သူတို့ကို တိုက်ခိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စစ်သည်တော်တွေကို ဆင့်ခေါ်ဖို့အတွက် ဆိုင်တိုကင်လို့ခေါ်တဲ့ အချက်ပြမှု ကလာပ်စည်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။

တချို့ရောဂါကူးစက်မှု ပြင်းထန်သူတွေဟာ ဒီလိုအစောပိုင်းကာလရဲ့ ကမောက်ကမ ဖြစ်ရာကနေ      မြစ်ဖျားခံတယ်ဆိုတာ သက်သေသာဓကတွေတွေ့ရှိထားပါတယ်။

ပဋိပစ္စည်းတွေမှာ  သက်တမ်းကုန်ဆုံးချိန်ဆိုတာရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ    သက်မဲ့ပရိုတင်းတွေဖြစ်ပြီး သက်ရှိကလာပ်စည်းတွေ မဟုတ်လို့ပါပဲ။

ဒါကြောင့် သူတို့ဟာ သူတို့ကိုယ်သူတို့အား သစ်ထပ်မလောင်းနိုင်တော့ဘဲ ထွက်ပေါ်လာပြီး  သီတင်းပတ်အတွင်း၊ လပိုင်း အတွင်းမှာ သွေးထဲကနေ ပျောက်ကွယ်သွားရတာပါ။

တစ်နည်းအားဖြင့်ပြောရရင် ရောဂါပိုးက ခန္ဓာကိုယ်ထဲကိုဝင်လာချိန်မှာ ပဋိပစ္စည်းတွေထွက်လာပြီး  ရောဂါပိုးက  ခန္ဓာကိုယ်အတွင်း မရှိတော့ချိန်မှာ သူတို့လည်း ပျောက်ကွယ်သွားရတဲ့သဘောပါပဲ။   အလားတူ အစောပိုင်း ပဋိပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ ဘီကလာပ်စည်းတွေကလည်း သေဆုံးသွားရပါတယ်။

ဒါပေမဲ့ ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ထုတ်နိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းတွေကို အများအပြားထုတ်လုပ်ပေးနိုင်မယ့် ဘီကလာပ်စည်း အများအပြားကို   ထိန်းသိမ်းထားပါတယ်။

တချို့ဘီကလာပ်စည်းတွေက သွေးကြောတွေထဲမှာ ကင်းလှည့်နေပြီး ပဋိပစ္စည်းတွေကို အသစ်တစ်ဖန် ထုတ်လုပ်ပေးနိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။  တချို့ကတော့  ရိုးတွင်းခြင်ဆီထဲ ပြန်ဝင်သွားပြီး ပဋိပစ္စည်းပမာဏ အနည်းငယ်ကို ထုတ်လုပ်ပါတယ်။

ဒီပဋိပစ္စည်းတွေကတော့    ရောဂါပိုးကူးစက်ခံရပြီးနောက်   နှစ်ပေါင်းများစွာ သို့မဟုတ်  ဆယ်စုနှစ်ပေါင်းများစွာကြာ တည်ရှိနေနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

အခုလုပ်တဲ့သုတေသန အများအပြားမှာဆိုရင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး နေပြန်ကောင်းလာတဲ့ သူတွေရဲ့သွေးထဲမှာ အဲဒီရောဂါပိုးကို   တိုက်ထုတ်လိုက်နိုင်တဲ့ ပဋိပစ္စည်း အနည်းငယ်က လပေါင်းများစွာ ကြာသည့်တိုင်      ရှိနေတုန်းပဲဆိုတာကို ထင်ထင်ရှားရှား တွေ့ထားရပါတယ်။

ဒါ့အပြင်   သုတေသီတွေဟာ  နေပြန်ကောင်းလာသူတွေရဲ့ သွေးထဲကနေ ကိုရိုနာဗိုင်းရပ်ကို တိုက်ခိုက်နိုင်တဲ့ တီကလာပ်စည်းတွေကို ခွဲခြားထုတ်ယူကာ ဓာတ်ခွဲခန်းထဲမှာ ကိုရိုနာဗိုင်းရပ်နဲ့ ထိတွေ့စေပြီး  စမ်းသပ်မှုတွေ လုပ်ကြည့်ပါသေးတယ်။

အဲဒီလိုစမ်းသပ်ရာမှာ  တီကလာပ်စည်းတွေဟာ သူတို့ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်ကို တိုက်ထုတ်ဖို့အတွက် ရောဂါပိုးတိုက်ခိုက်ရေး အချက်ပြမှုတွေကို ထုတ်လွှတ်တဲ့အပြင်  သူတို့ကိုယ်၌ကလည်း ကိုရိုနာဗိုင်းရပ်ကို   ရင်ဆိုင်တိုက်ခိုက်ဖို့    ပုံစံတူကလာပ်စည်းတွေ    ပွားများလိုက်တာကို တွေ့ရပါတယ်။

ဒီလိုမျိုးစမ်းသပ်လေ့လာ တွေ့ရှိမှုတွေကြောင့် သုတေသီတွေဟာ ကိုရိုနာဗိုင်းရပ်အပေါ် ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို   ပိုမိုသိရှိလာတဲ့အပြင်  ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အရေးပါတဲ့ အဓိက လိုအပ်ချက်ကိုလည်း သတိမူမိလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင်  ကမ္ဘာ့ကပ်ရောဂါက  ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ အဆုံးသတ်သွားမလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှုတွေကိုလည်း သက်သာလျော့ပါးစေပါတယ်။

ဒါကြောင့် ပဋိပစ္စည်း အများအပြားက ရောဂါပိုးကူးစက်မှုပြီးနောက်   သက်တမ်းကုန်ဆုံးသွားနိုင်ပေမယ့်  အလားတူ  ပဋိပစ္စည်းမျိုးကို အချိန်မရွေး ထုတ်လုပ်ပေးနိုင်တဲ့ ကလာပ်စည်းတွေ၊ သက်တမ်းရှည်ကြာ တည်ရှိနိုင်တဲ့ ပဋိပစ္စည်းတွေကြောင့် ကမ္ဘာ့ကပ်ရောဂါအပေါ် စိုးရိမ်ပူပန်မှုတွေဟာလည်း အတန်အသင့်တော့ လျော့ပါးသွားမယ်လို့ ယူဆရပါတယ်။

Ref: NY Times