ပွင့်ဖြူမြို့နယ်၌ နွေသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးထားသော နှမ်းဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး
ပွင့်ဖြူ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော နှမ်းဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီက နှမ်း ၅၇၆၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါနှမ်းစိုက်ခင်းများကို ယခုနှစ် ဇွန်လ တတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိတွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၉ ဒသမ ၅၂ တင်းခန့် ထွက်ရှိကြောင်း သိရသည်။
"ဒီနှစ်နွေသီးနှံစိုက်ပျိုးရာသီက ပွင့်ဖြူမြို့နယ်မှာ နှမ်း ၅၇၆၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီနှမ်းစိုက်ခင်းအားလုံး လက်ရှိမှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။နွေနှမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တိုးချဲ့ စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်း ကောင်းမွန်တဲ့မျိုးတွေ စိုက်ပျိုးကြဖို့၊ GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ နည်းပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ ကပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေနှမ်းစိုက်ပျိုးသည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းသော နှမ်းမျိုးများ စိုက်ပျိုးနိုင်ရေး အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှမ်းကို ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေရုံသာမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း သိရသည်။
