ဘုတ်ပြင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး

 

ဘုတ်ပြင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး

 

ဘုတ်ပြင်း    ဇူလိုင်   ၂၀

      တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကမာချောင်းကျေးရွာအုပ်စု  အေးချမ်းမြိုင်-၁ ကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို   ဇူလိုင်လ ၂၀ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းဦး၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည်  မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ အေးချမ်းမြိုင်-၁ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြင့်  စိုက်ပျိုးရေးလုပ်ငန်း၊  ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းများ  ဆောင်ရွက်ထားရှိမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက  မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါကျေးရွာ၌  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ငွေကျပ်သန်း ၃၀ မတည်ပေးခဲ့ပြီး ယခုအခါ ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ  ၁၉ ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦး၊ အသေးစား စက်မှုလက်မှု လုပ်ငန်းလုပ်ကိုင်သူနှစ်ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ နှစ်ဦး  စုစုပေါင်း ၃၇ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ငွေကျပ်  ၃၅ ဒသမ ၂ သန်းကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးထားကာ အဆိုပါချေးငွေများဖြင့် ဝင်ငွေတိုးလုပ်ငန်းများ  လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့်အတွက်  ကျေးလက်နေပြည်သူများ၏ မိသားစု စားဝတ်နေရေးကို    တစ်ဖက်တစ်လမ်းမှ   များစွာ အထောက်အကူ ပြုကြောင်း သိရသည်။