ဆေကဝတီဗုဒ္ဓတက္ကသိုလ် ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

 

ဆေကဝတီဗုဒ္ဓတက္ကသိုလ် ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

 

ရန်ကုန် ဇူလှိုင် ၂၀

    ဆေကဝတီဗုဒ္ဓတက္ကသိုလ်     ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲ၂ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်  အမှတ်(၂)ရပ်ကွက်   ဗဟိုလမ်းရှိ     ဆေကဝတီဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ  ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏  အဓိပတိ    သန်လျင် မင်းကျောင်းဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်  ဆရာတော် အမှူးပြုသော သင်ကြားစီမံဆရာတော်များ ကြွရောက်တော်မူကြပြီး  ဘွဲ့ခံဆရာလေးများနှင့်   အလှူရှင်များ   တက်ရောက်ကြည်ညိုကြသည်။

ဦးစွာနမောတသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး   သန်လျင်မင်းကျောင်းဆရာတော် ဘုရားကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ သာရဏီယ ဩဝါဒကထာကို  နာယူကြသည်။

ထို့နောက် ဆေကဝတီ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်   ဒေါက်တာဘဒ္ဒန္တဝိနယာလင်္ကာရ၏   သမ္မောဒနီယ ဩဝါဒကထာကို နာယူကြပြီး ဆေကဝတီ ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူနှင့် ဒုတိယပါမောက္ခချုပ်(စီမံ) ဆရာကြီး ဒေါက်တာဒေါ်ဆေကဝတီက ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် စပ်လျဉ်း၍ လျှောက်ထားသည်။

ယင်းနောက် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆေကဝတီဗုဒ္ဓတက္ကသိုလ်သို့ အလှူငွေ ကျပ်သိန်းတစ်ရာကို  ပေးအပ် လှူဒါန်းသည်။

ထို့နောက်ဆေကဝတီ ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်း ဆရာတော်က ပါမောက္ခချုပ် ဆရာတော်ထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြု လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ဆေကဝတီ ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်း ဆရာတော်က M.A (Buddhist Studies) ဘွဲ့ခံယူမည့် သီလရှင်ဆရာလေးတစ်ပါးချင်း၏ ဘွဲ့တော်ကိုကြေညာ၍  ဆေကဝတီဗုဒ္ဓတက္ကသိုလ်အဓိပတိ၊ နိုင်ငံတော်သံဃ မဟာနာယက ဥက္ကဋ္ဌဆရာတော် ဘုရားကြီးထံတွင် ဘွဲ့ခံယူစေခြင်း၊ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်မော်ကွန်းထိန်းဆရာတော်က B.A (Buddhist Studies) ဘွဲ့ခံယူမည့် သီလရှင်ဆရာလေး တစ်ပါးချင်း၏   ဘွဲ့တော်ကိုကြေညာ၍ ပါမောက္ခချုပ် ဆရာတော်ထံတွင်  ဘွဲ့ခံယူစေခြင်းများ ဆောင်ရွက်ကြသည်။

ယင်းနောက် ဆေကဝတီဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော်က Diploma တန်းအောင် သီလရှင်ဆရာလေး တစ်ပါးချင်း၏ ဘွဲ့တော်ကိုကြေညာ၍     တက္ကသိုလ် တည်ထောင်သူနှင့်    ဒုတိယ ပါမောက္ခချုပ် (စီမံ) ဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီ ထံတွင်  ဘွဲ့ခံယူစေကြသည်။

ယင်းနောက်  ဆရာတော်ထံမှ   အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ဘွဲ့ခံ ဆရာလေး ၃၇ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။