နောင်ချိုမြို့ ဗုဒ္ဓသာသနာ့ရောင်ခြည် ဗိမာန်တော်တွင် တပ်မတော်ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများက ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုကို ကြည့်ရှု အားပေး

 

နောင်ချိုမြို့ ဗုဒ္ဓသာသနာ့ရောင်ခြည် ဗိမာန်တော်တွင် တပ်မတော်ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများက ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုကို ကြည့်ရှု အားပေး

 

နောင်ချို    ဇူလိုင်   ၂၀

     တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီ ထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို ဇူလိုင်လ ၁၆ ရက်တွင် တပ်မတော်မှ အပြီးတိုင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုအပေါ် နောင်ချိုမြို့ ဒေသခံတိုင်းရင်းသား ပြည်သူများသည် ဝမ်းမြောက်အားပေး ထောက်ခံကြိုဆိုလျက်ရှိသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်   ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ယမန်နေ့က နောင်ချိုမြို့သို့ သွားရောက်၍  ဒေသခံတိုင်းရင်းသား ပြည်သူများ လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ   နောင်ချိုမြို့  သာသနာနှစ်ထောင့်ငါးရာ စေတီတော်သို့ သွားရောက်၍  ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းကာ စေတီတော်အား ဖူးမြော် ကြည်ညို ကြသည်။

ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နောင်ချိုမြို့ မြို့ဦးကျောင်းတိုက်သို့ သွားရောက်၍ နောင်ချိုမြို့ပေါ်ရှိ ဆရာတော်ကြီး ၁၀ ပါးအား ဖူးမြော်ကြည်ညိုပြီး  လှူဖွယ်ပစ္စည်းများ၊  နဝကမ္မအလှူငွေများ၊  ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နောင်ချိုမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက   စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး     နောင်ချိုပညာရေးမှူးရုံးကို သွားရောက် စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နောင်ချိုမြို့ ဗုဒ္ဓသာသနာ့ရောင်ခြည် ဗိမာန်တော်တွင် တပ်မတော်ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုကိုကြည့်ရှုပြီး    ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နောင်ချိုမြို့ မြို့တော်ခန်းမ သန့်ရှင်းရေးဆောင်ရွက်နေမှုကို လည်းကောင်း၊ သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် နောင်ချိုရဲစခန်း တို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။