မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှု စစ်ဆေး
နေပြည်တော် ဇူလိုင် ၂၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ (ပြင်ဦးလွင်) သို့ ရောက်ရှိပြီး အထက်မြန်မာပြည်ရှိ MSME များမှ ထုတ်လုပ်သည့် စားသောက်ကုန်များ အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်ရေး၊ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် MSME များမှ ထုတ်လုပ်သည့် စားသောက်ကုန်များ၊ စွန့်ပစ်ရေများ စမ်းသပ်စစ်ဆေးနေမှု၊ ပြင်ဦးလွင်ခရိုင်ရှိ MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြင်ဦးလွင်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး ဖွင့်လှစ်၍ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက MSME များမှ ထုတ်လုပ်သော စားသောက်ကုန်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးနိုင်ရေးအတွက် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်နိုင်ရန် ဓာတ်ခွဲခန်းဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိ MSME များ၏ လိုအပ်ချက် ကို သိရှိအောင် ဆောင်ရွက်ပြီး ထိရောက်သည့် ကူညီပံ့ပိုးဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ ဆပ်ပြာစက်ရုံ (မန္တလေး)နှင့် မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတို့၌ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံ များနှင့် စက်ပစ္စည်း ကိရိယာများ ပြင်ဆင်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီး က အဆောက်အအုံများ ပြန်လည်ပြင်ဆင် ရာတွင် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၅ ခုနှစ်နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍မှာကြားသည်။
ဆက်လက်၍ ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်အတွင်းရှိ လှိုင်းကာလာ သွပ်ပြားလိုင်းဖော်လုပ်ငန်း၊ တော်ဝင်သွပ်ပြားလိုင်းဖော်လုပ်ငန်း၊ Top One One သွပ်လိုင်းဖော်လုပ်ငန်းတို့ကို သွားရောက်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)၊ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)၊ မြစ်သားမြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံ(မြစ်သား) တို့ကိုရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ စက်ပစ္စည်း ကိရိယာများအား စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
