နိုင်ငံတော်အစိုးရ အနေဖြင့် ငလျင်ကြောင့် ထိခိုက် ဆုံးရှုံးခဲ့ရမှုများအပေါ် အမြန်ဆုံးပြန်လည် ထူထောင်လာရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိ

 

နိုင်ငံတော်အစိုးရ အနေဖြင့် ငလျင်ကြောင့် ထိခိုက် ဆုံးရှုံးခဲ့ရမှုများအပေါ် အမြန်ဆုံးပြန်လည် ထူထောင်လာရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဇူလိုင် ၂၀

      ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင်  စစ်ကိုင်းမြို့ပေါ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အအုံနှင့်မြေ နေရာများအား    သွားရောက်ကြည့်ရှု စစ်ဆေးပြီး နိုင်ငံပိုင်အဆောက်အအုံနှင့် ပစ္စည်းများအား လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး  စနစ်တကျ ထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ဟိုတယ်စစ်ကိုင်း၌ စစ်ကိုင်းမြို့ပေါ်ရှိ  ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီး က ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွား တိုးတက် ဝင်ရောက်လာရေး အတွက်သာမက ပြည်တွင်းခရီးသွား တိုးတက်ရေးကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် အမြန်ဆုံးပြန်လည် ထူထောင်လာရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ငလျင်ကြောင့်  ထိခိုက်ပျက်စီး ဆုံးရှုံးမှု အခြေအနေ၊ မွမ်းမံပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ၊ လုပ်ငန်းများလည်ပတ် နိုင်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြန်လည်   မွမ်းမံပြင်ဆင်လျက်ရှိသည့် စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခို ရိပ်သာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး   လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်ကြရန် မှာကြားကာ စစ်ကိုင်းမြို့ပေါ်ရှိခရီးသွား ဆွဲဆောင်ရာနေရာများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။