လယ်ဝေးမြို့နယ်တွင်  ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ    

လယ်ဝေးမြို့နယ်တွင်  ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ    

နေပြည်တော်   ဇူလိုင်   ၂၃

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအနီးတွင် အောင်နန်းချိုကျေးရွာဘက်မှ တောင်စဉ်အေးရွာဘက်သို့စောနေပိုင်(ခ)နေပိုင် မောင်းနှင်လာသော LAND CRUSIER မော်တော်ယာဉ် နှင့် ရှေ့နောက်လိုက်ပါလာသည့် ချစ်နိုင်ထွေး(ခ)မိုးဒီ မောင်းနှင်လာသော ALPHARD မော်တော်ယာဉ် တို့အား စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၆၇ ဒသမ ၃၃ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၁ ဒသမ ၆၈၃၂၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက် အရ အဆိုပါ ဘိန်းဖြူများအားလက်ခံ၍ မန္တလေးသို့တာဝန်ခံသယ်ဆောင်သူ သိန်းမြင့်(ခ)သိန်းဟန်သည် တာချီလိတ် ဘက်သို့ တိမ်းရှောင်သွားကြောင်းသိရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချက်များအရ   ဖမ်းဆီးရမိဘိန်းဖြူများအား လွိုင်ကော်မြို့နေ ခွန်နေလင်းအောင်(ခ)အားသိုက်(ခ)ယောဟန်၏ စေခိုင်းချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ မှ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးသို့  လွိုင်ကော်မြို့နေ သူရိန်စိုး(ခ)ဖိုးသာထူး(ခ)ဖိုးလုံးမှ လာရောက်ပို့ဆောင်ခဲ့သဖြင့် ရေနီမြို့နေ စောနေပိုင်(ခ)နေပိုင်နှင့် ပျဉ်းမနားမြို့နယ်နေ ချစ်နိုင်ထွေး (ခ)မိုးဒီတို့မှလက်ခံ၍  ပုဗ္ဗသီရိမြို့နယ်နေ သိန်းမြင့်(ခ)သိန်းဟန်ထံသို့လွှဲပြောင်း ပေးခဲ့သဖြင့် ၎င်းမှ ရန်ကုန်နှင့် မန္တလေးမြို့သို့ အကြိမ်ကြိမ်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့အား မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများအား  ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့်၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ပိုင်ဆိုင်မှုများကို  ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေး ယူနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။