တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကျင်းပ

 

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်    ဩဂုတ်    ၂၄

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော်  အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒသိရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ  ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက  မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒသိရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်သည့် မေတ္တသုတ်   ပရိတ်တရားတော်များကို နာကြားကြသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ    လှူဖွယ်ပစ္စည်းများ   အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက်ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား စစ်ရေးချုပ်မှ ဦးဆောင်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများက ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ် လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်တာဝန်ရှိသူများက လက်ခံရယူကြပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်းရည်ရွယ်ချက်အား တပ်မတော်အရာရှိကြီးတစ်ဦးမှ ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒသိရိ ထံမှ  အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ   ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းသည်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့်  ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊  သီလရှင်ကျောင်းများနှင့် ဘိုးဘွားရိပ်သာတို့အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍    နှစ်စဉ်လှူဒါန်းလျက်ရှိပြီးယနေ့ လှူဒါန်းမှု အစုစုမှာအလှူငွေကျပ်  ၃၂၅  သိန်း  ၈  သောင်း  ၈  ထောင်ကျပ်၊ ဆန် ၅၇၂ အိတ်၊ ဆီ ၂၆၅ ပိဿာ ၆၀ ကျပ်သား၊ ဆား ၁၆၅၆ ပိဿာ၊ ပဲ ၁၆၅၆ ပိဿာ၊ ဆေးမျိုးစုံ ၉၃၆ ဘူးနှင့် နိုင်ငံခြားဆေးမျိုးစုံ ၁ ခြင်းတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။