နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြား၊ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
နေပြည်တော် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း များအား ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအားစာပေပညာရပ်များကိုသင်ကြားပေးလျက်ရှိသည့်အပြင်ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာကျောင်း ၇ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့၍ နောင်ချိုမြို့နယ်အတွင်း စုစုပေါင်းအခြေခံပညာကျောင်း ၉၄ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပြီးကျောင်းသား၊ ကျောင်းသူ ၄၁၆ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၆၄၅ ဦး အေးချမ်းပျော်ရွှင်စွာတက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့ပြင်ဒေသခံတိုင်းရင်းသားပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက်အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ ဩဂုတ်လ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၃၁ ဦးတို့ကိုငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ ၅၄ ဦးအား သွေးအမျိုးအစားစစ်ဆေးပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ ၄ ဦးအား ငှက်ဖျားပိုးစစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး အတွင်းလူနာအဖြစ် ဒေသခံတိုင်းရင်းသားပြည်သူ ၂၈ ဦးတက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

