ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီညှိနှိုင်း စည်းဝေး
နေပြည်တော် အောက်တိုဘာ ၂
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့ကော်မတီအတွက် ချမှတ်ထားသည့် လုပ်ငန်းတာဝန်များအတိုင်း နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်း ဖြစ်လာစေရန် လုပ်ငန်းကော်မတီဝင်များ အားလုံးက တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က လုပ်ငန်းတာဝန် ၁၈ ရပ်နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဌာနအလိုက် ဆောင်ရွက်နေသော တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
