SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်နေမှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှု

 

SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်နေမှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှု

 

နေပြည်တော်  အောက်တိုဘာ  ၂

      အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည်  ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်ရှိ မြင့်မြတ်မောင်ကုမ္ပဏီ လီမိတက်၏ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံ၌ Dongfeng အမှတ်တံဆိပ် လျှပ်စစ်သုံးမော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုကို  လှည့်လည် ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အနေဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ကြောင်း၊   မူဝါဒတွင်   ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ဖွံ့ဖြိုးရေးလမ်းပြမြေပုံများ သတ်မှတ်ရေးဆွဲထားပြီးဖြစ်၍ မူဝါဒနှင့်အညီ    လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအနေဖြင့်  မော်တော်ယာဉ်အစိတ်အပိုင်းများကို သတ်မှတ်ထားသည့်အတိုင်း   ပြည်ပမှတင်သွင်း၍ တပ်ဆင်ထုတ်လုပ်နေရုံဖြင့် ကျေနပ်မနေဘဲ မော်တော်ယာဉ်၏ တချို့အစိတ်အပိုင်းများကို ပြည်တွင်း၌ ကိုယ်တိုင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ပြည်သူအများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိကာ ဝင်ငွေတိုးတက်ရရှိပြီး လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် လုပ်ငန်းတာဝန်များကို အလေးထားကြိုးစား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပဲခူးမြို့၌ ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်ကာ လယ်ယာသုံး စက်ကိရိယာပစ္စည်းပြပွဲ၊ ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများကို    လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါပြပွဲကို အောက်တိုဘာလ ၂ ရက်မှ ၆ ရက်အထိ ၅ ရက်တိုင်တိုင်ကျင်းပပြီး တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ထားရှိသည့် လယ်ယာသုံး စက်ကိရိယာပစ္စည်းများ၏ စွမ်းဆောင်ရည်ပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည့်အပြင် လယ်ယာသုံး စက်ကိရိယာများဖြစ်သည့်  လက်ဆွဲကောက်စိုက်စက်၊   လက်ဆွဲအစေ့ချစက်၊  သီးနှံ အခြောက်ခံစက်၊   သီးနှံစုံခြွေလှေ့စက်၊ ကြံစိုက်စက်၊ နှမ်းစိုက်စက်၊ ဆေးဖျန်းစက်၊ ထွန်စက်ကြီးများနှင့် တွဲဖက်အသုံးပြုရသည့် ထယ်၊  ထွန်များ၊  ပေါင်းလိုက်သမန်းနှိုး ကိရိယာများ၊ သဘာဝဓာတ်မြေဩဇာများစသည့် လယ်ယာသုံးပစ္စည်း ၈၃ မျိုးကို ခင်းကျင်းပြသရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။